3 May 2024

ဓာတ်ပုံ PPTV36

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၁

အမေရိကန်ရှိဆရာဝန်များက လူတွင်ဝက်ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို ကမ္ဘာပေါ်တွင်ပထမဆုံးအကြိမ်အောင်မြင်စွာပြုလုပ်နိုင်ခဲ့။

 

အမေရိကန်ပြည်ထောင်စုရှိဆရာဝန်များက လူတွင်ဝက်ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို လူနာကိုယ်ခံအားစနစ်မှ ရုတ်တရက်ဆန့်ကျင်သည့်အခြေအနေ (Immediate Rejection) မဖြစ်အောင်ပြုလုပ်နိုင်ခဲ့ပြီးနောက် လူ့အင်္ဂါအစားထိုးကုသမှုအတွက်အင်္ဂါအစိတ်အပိုင်းရှားပါးသည့်ပြဿနာကိုဖြေရှင်းနိုင်မည့်အရေးပါးသောဆေးဘက်ဆိုင်ရာခြေလှမ်းတစ်ခုဖြစ်လာသည်ဟု PPTV36 သတင်းဌာနမှဖော်ပြထား သည်။

 

အဆိုပါအောင်မြင်မှုသည် နယူးယောက်မြို့ရှိ NYU Langone Health တွင်ဖြစ်ပေါ်ခဲ့ပြီး ဆန့်ကျင်သည့်အခြေအနေကိုဖြစ်စေသည့်မော်လီကျူးများကိုဖယ်ရှားခံထားရသည့် ဗီဇပြုပြင်ထားသည့်ဝက်ကျောက်ကပ်ကိုအသုံးပြုထားသည်ဟု ဆိုသည်။

 

မိသားစုဝင်များ၏ခွင့်ပြုချက်ဖြင့် ဉီးနှောက်သေနေပြီး ကျောက်ကပ်ပုံမှန်ရှိနေသေးသည့်လူနာတစ်ဦးတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ကျောက်ကပ်လုပ်ဆောင်ချက်ကို တိတိကျကျစောင့်ကြည့်နိုင်ရန်အတွက် အစားထိုးထားသည့်ကျောက်ကပ်ကို ခန္ဓာကိုယ်ပြင်ပတွင် ၃ ရက်ခန့်ထားရှိမည်ဟု ဆိုသည်။

 

အစားထိုးထားသည့်ဝက်ကျောက်ကပ်၏လုပ်ဆောင်ချက်သည် “ပုံမှန်သလောက်” ရှိနေသည်ဟု အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရောဘတ် မွန်ဂိုမာရီ ကဆိုသည်။

 

အစားထိုးထားသည့်ဝက်ကျောက်ကပ်သည် လူကျောက်ကပ်နီးပါးဆီးထုတ်လုပ်ပေးနိုင်သည်ကို တွေ့ရ ပြီး ဗီဇမပြုပြင်ထားသည့်ကျောက်ကပ်များကဲ့သို့လူ့ခန္ဓာကိုယ်မှဆန့်ကျင်သည့်လက္ခဏာမတွေ့ရကြောင်း၎င်းကဆက်လက်ပြောကြားသည်။

 

ထို့ပြင် ကျောက်ကပ်အစားထိုးပြီးနောက်တွင် ကျောက်ကပ်လုပ်ဆောင်ချက်ကိုဖော်ပြသည့် ခရီယေတီနိုင်း (Creatinine) ဓာတ်ပမာဏသည် ပုံမှန်ပြန်ဖြစ်လာသည်ဟု ဆိုသည်။

 

အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် အင်္ဂါအစိတ်အပိုင်းအစားထိုးရမည့်လူနာဦးရေ ၁ သိန်းကျော်(၁၀,၇၀၀၀) ရှိနေပြီး ကျောက်ကပ်အစားထိုးရန်စောင့်ဆိုင်းနေရသည့်လူနာဦးရေမှာ ၉ သောင်းကျော်ရှိကာ ကျောက်ကပ်အစားထိုးရန်စောင့်ဆိုင်းရသည့်ပျမ်းမျှအချိန်ကာလသည် ၃ မှ ၅ နှစ်ရှိသည်ဟု United Network for Organ Sharing ၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS