29 April 2024

ဒီကနေ့မနက် ၈ နာရီအချိန်လောက်က မိုးဗြဲမှာ လေကြောင်းနဲ့ လက်နက်ကြီးတွေပါ ဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့ရဲ့ တောင်ဘက်က ဝါရီဆူးပလိုင်ရွာမှာ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့လည်း ဘီဘီစီက ဖော်ပြထားပါတယ်။

အိမ်ခြေ နှစ်ရာလောက်ရှိပါတယ်။ မီးလောင်မှုကြောင့် အိမ်ဘယ်လောက်ပျက်စီးသွားလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး၊ PKPF သတင်းနဲ့ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးဗြဲမှာ ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လက်နက်ကြီးကျလို့ အရပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။ ထိုနောက် ဒေသခံကာကွယ်‌ရေးတပ်တွေ ဝါရီဆူးပလိုင်ရွာဘက်ကို ဆုတ်ခွာသွားတယ်လို့ စစ်ကောင်စီဘက်ကယူဆပြီး အခုလို မီးရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ယခုဆိုရင် မိုးဗြဲမှာ စစ်ဘေးရှောင်ဖို့ နယ်မြေ မရှိသလောက် ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ၊ လေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်မှုတွေ ရှိတာကြောင့် မိုးဗြဲမြို့နဲ့ မြို့အနီးတဝိုက်ကရွာတွေမှာ ဒေသခံတွေ မရှိသလောက်နည်းပြီး တခြား နေရာတွေကို ရှောင်တိမ်းနေကြရတာပါ။

တိုက်ပွဲနယ်မြေကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးရှောင်ရတဲ့နယ်မြေလည်း ကျဉ်းမြောင်းလာပြီး လက်ရှိမှာ ဘယ်ကိုရှောင်လို့ရှောင်ရမှန်းတောင်မသိတော့ဘူးလို့ မိုးဗြဲမြို့ကနေ တိုက်ပွဲရှောင်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

.

ကိုချစ် (ဇွဲကပင်မြေ)

Ref: ဘီဘီစီ

SHARE THIS NEWS

OTHER NEWS