10 May 2024

ဇွန်လ ၂၂ ရက်၊ ၂၀၂၂

ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပွားပြီကတည်းက ၂ နှစ်ကျော်အကြာ အပြင်ထွက်တိုင်း Mask တပ်ဆင်ထားရတဲ့အခြေအနေကနေ လာမည့် ဇူလိုင် ၁ ရက်နေ့မှစပြီး ကိုယ့် သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ်တပ်လိုက တပ်ဆင်နိုင်တော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။

မိမိတဦးတည်းရှိနေတဲ့အခါ၊ ကွင်းပြင်ကျယ်မှာခြားသူတွေနဲ့အလှမ်းဝေးနေတာမျိုးတွေမှာ ကိုယ့်သဘောနဲ့ကိုယ် (Mask) နှာခေါင်းစည်းမတပ်ဘဲနေလို့ရကြောင်း၊ ရုပ်သံသတင်းတင်ဆက်သူ တွေ အနေနဲ့လည်း လူစုလူဝေးထဲမှာရှိမနေရင် ဖြုတ်ထားပြီး သတင်းတင်ဆက်နေတာကိုတွေ့နေရပါတယ်။

အဲဒီနေ့က အစည်းအဝေးမှာ Mask ဖြုတ်ရေးကိစ္စအပြင် ၇၇ ခရိုင် တနိုင်ငံလုံးကို ကိုဗစ်-၁၉ အ စိမ်း ရောင်ဇုန်အဖြစ် လျှော့ချသတ်မှတ်ပြီး စောင့်ကြည့်ဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အကယ်၍ အစိမ်းရောင်ဇုန်အဖြစ် သတ်မှတ်ထားပြီဆိုပါက ထိုင်းနိုင်ငံတွင် လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစ၍ အပြင်ထွက်သည့်အခါ ကာယကံရှင်ဆန္ဒပေါ်မူတည်ပြီးလွတ်လပ်စွာ Mask ချွတ်ပြီး သွားလာလို့ရတဲ့ အဆင့်ကိုဖြေလျှော့ပေးမယ့် သတင်းကို ထိုင်းတော်ဝင်ပြန်တမ်းက ထုတ်ပြန်သည့်နောက်တွင် အသက်ဝင်မယ်လို့ သိရပါတယ်။

လူထူထပ်သည့်နေရာများနှင့်လေအေးပေးစက်တပ်ဆင်ထားသည့်အခန်းများတွင် မတ်စ်တပ်ထားရမယ်။ လေအေးပေးစက်အခန်းထဲတွင်လုပ်ကိုင်နေသောဝန်ထမ်းများ၊ အသက် ၆၀ နှင့်အထက်ရှိသက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါ၊ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ စသည့်ရောဂါအခံ ၇ မျိုးရှိသူ) များမှာ အမြဲတမ်းမတ်စ်တပ်ထားရမည်ဟု သိရပါတယ်။

တချိန်တည်းတွင် ဖျော်ဖြေရေးနေရာများ၊ နိုက်ကလပ်နှင့်ဘားများကို ည ၂ နာရီအထိဖွင့်လှစ်ခွင့်ပြုပြီး ဟိုတယ်များတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အရက်ဘီယာရောင်းချခွင့်ပြုလိုက်ပြီဟု သိရပါတယ်။

ထို့အတူ ထိုင်းနိုင်ငံသို့ဆိုက်ရောက်လာသည့် နိုင်ငံခြားသားများနှင့်ထိုင်းနိုင်ငံသားများ Thailand Pass တွင် အမည်စာရင်းပေးသွင်းခြင်းနှင့်ကျန်းမာရေးအာမခံဝယ်ယူရန်သတ်မှတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီဟု သိရပြီး၊ အရေးပေါ်ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းခြင်းမပြုသ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားသည့်အထောက်အထားနှင့်ကိုဗစ်-၁၉ စစ်ဆေးထားသည့်အဖြေကို ပြသရမယ်ဖြစ်ပါတယ်။

ပြည်ဝင်ပေါက်များတွင် ကိုယ်အပူချိန်တိုင်းတာခြင်း နှင့် အသက်ရှူလမ်းကြောင်းလက္ခဏာစစ်ဆေးခြင်းကိုလည်း ပယ်ဖျက်လိုက်ပြီဟု ပြောခွင့်ရသူက ဆက်လက်ပြောဆိုတာတွေရှိသလို၊ အရေးပေါ်ထုတ်ပြန်ချက်ကိုထိုင်းအစိုးရမှ ၂ လတိုးမြှင့်ထားခြင်းကြောင့် လာမည့် ဇူလိုင် ၃၁ ရက်နေ့ (၂၀၂၂)တွင် ရက်စေ့ပါမည်။ ထပ်တိုးဖို့အလားအလာရှိ၊ မရှိကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိကူးစက်နေတဲ့ ကိုဗစ်-၁၉ ရောဂါကိုလည်းဒေသဆိုင်ရာရောဂါအဖြစ် ဇူလိုင် ၁ ရက်နေ့ (၂၀၂၂) တွင်စတင်သတ်မှတ်မည်ဟု ထိုင်းဝန်ကြီးချုပ် အဆိုရှိခဲ့တာကြောင့် အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS