3 May 2024

စက်တင်ဘာ ၉ရက်၊ ၂၀၂၂

စစ်ကောင်စီတပ်တွေက ရွာထဲတွေမှာ စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် ဒေသခံ ၄၀၀၀ ကျော်မှာ တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ သနပ်ကုန်း၊ ဇီးကျွန်း၊ ကျောက်တန်း၊ သရက်သာ၊ ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ နဲ့ သရက်တော စတဲ့ရွာတွေက ထွက်ပြေးနေကြရတာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့က ဗိုလ်တောက်ထွန်းက ပြောဆိုချက်အရ RFA သတင်းကဖော်ပြထားပါတယ်။

“စစ်တပ်က အခုနေ့ခင်းမှာ စစ်ကြောင်းမထိုးဘဲ ညဘက်တွေထိုးနေတယ်။ ညဆိုတော့ မှောင်တော့ သူတို့ လာတာကို ပြည်သူတွေက မသိရတော့ ဘယ်အချိန်ရောက်လာမလဲဆိုပြီး မပြန်ရဲကြဘူး။ ဖမ်းဆီးခံရတာတွေ မရှိသေးပေမယ့် ကြောက်ကြတော့ မပြန်ရဲဘူး။ ညဘက်ကြီး ထွက်ပြေးလာကြရတော့ ဘာမှမသယ်နိုင်ကြဘူး။ တောသူတောင်သားတွေဆိုတော့ ဆန်၊ ဆီ ရှိရင် ဟင်းတစ်ခွက်က စားဖြစ်တော့ ဆန်၊ ဆီနဲ့ ဆေးတွေလိုအပ် နေတယ်။ ရှောင်တယ်ဆိုတာကလည်း စစ်ရှောင်စခန်းလို့လည်း သီးသန့်မရှိတော့ နီးစပ်ရာရွာတွေနဲ့ တောတွေ ထဲရှောင်နေကြရတာ”မြောင်မြို့နယ်အတွင်းမှာ စစ်ရဟတ်ယာဉ်တွေ နေ့စဉ်ပျံသန်းနေတာ နှစ်ပတ်ခန့်ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

ထွက်ပြေးနေရတဲ့စစ်ရှောင်တွေမှာ အစားအသောက်အတွက် အကူညီတွေလိုအပ်နေပါတယ်။ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာ စစ်ကောင်စီတပ်က စခန်းချထားတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်သလို အခုရက်ပိုင်းမှာလည်း လူအင်အားတွေ ထပ်တိုးချထားတာတွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မိုင်းဆွဲတိုက်ခိုက်မှုတွေကတော့ ရှိနေဆဲပဲလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Ref: RFA

ဓါတ်ပုံ−Cj

SHARE THIS NEWS

OTHER NEWS