၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပြီး နောက်တစ်နှစ်မှာတင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအားနည်းသောနိုင်ငံ (မြန်မာများအခေါ်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ) စာရင်းထဲကို အတိရောက်သွားခဲ့ပါတယ်။
အဲဒီကနေတောက်လျှောက်ထိုးကျနေခဲ့တဲ့စီးပွားရေးအခြေအနေဟာ အိမ်စောင့်အစိုးရရဲ့ဘဏ္ဍာရေးကိုသိသိသာသာထိခိုက်လာစေပါတယ်။ ဒါကြောင့် ဆင်းရဲမွဲတေနေတဲ့နေဝင်းအစိုးရရဲ့ငွေကြေးစနစ်ပြိုလှဲသွားပြီး ပြည်သူတွေကိုငွေမထုတ်ပေးနိုင်တော့တာကြောင့် စက်တင်ဘာလ ၅ ရက် ၁၉၈၇ ခုနှစ်မှာ ၁၀၀ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်ငွေစက္ကူတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီဂဏန်းတွေဟာ ဗိုလ်ချုပ်နေဝင်ရဲ့ကိုးနဝင်းဂဏန်းနဲ့စားလို့မပြတ်လို့ ဖျက်သိမ်းလိုက်တာလို့ ဂျင်းထည့်တာတွေလည်းရှိခဲ့ပါတယ်။ ဒီဂျင်းဖတ်ကြီးကို ယနေ့တိုင်ယုံနေတဲ့သူတွေလည်း ရှိပါတယ်။
ငွေစက္ကူဖျက်သိမ်းလိုက်တဲ့အကျိုးဆက်ကြောင့် ကုန်းကောက်စရာမရှိအောင် စားဝတ်နေရေးအခြေအနေဆိုးရွားလာတဲ့ပြည်သူတွေဟာ ၈၈၈၈ အရေးတော်ပေါ်နာမည်နဲ့အတူအုံကြွလာပါတယ်။ အဲဒီနောက်မှာ နိုင်ငံခြားကုမ္ပဏီတွေစတင်ထွက်ခွာသွားကြပြီး နိုင်ငံတကာရဲ့စီးပွားရေပိတ်ဆို့မှုကိုပါခံလာရတဲ့အတွက် ပြည်တွင်းမှာ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းမရှိသလောက်နည်းပါစေပါတယ်။ နိုင်ငံခြားဝင်ငွေရှာလို့မရတဲ့အစိုးရဟာ လုပ်သားတွေကိုတင်ပို့နည်းနဲ့တိုင်းပြည်ဝင်ငွေရှာလာပါတယ်။ လုပ်သားတင်ပို့တယ်ဆိုတဲ့
နေရာမှာ တရားဝင်တင်ပို့တာမဟုတ်ဘဲ တရားမဝင်လမ်းကြောင်းကနေလုပ်သားယိုစိမ့်စေတဲ့နည်းနဲ့ပညာသားပါပါ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၄ သန်းရှိတဲ့အထဲမှာ ၁၀ ရာခိုင်နှုန်းဟာ ပြည်ပကိုထွက်ပြီးအလုပ်လုပ်ကိုင်နေပါတယ်။ အိမ်နီချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာ အများဆုံးရောက်ရှိနေပြီး မြေပေါ်ရောမြေအောက်ပါဆိုရင် ခန့်မှန်းခြေ ၃ သန်းကနေ ၅ သန်းအထိရှိနိုင်တယ်လို့ သိရပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေဟာ ၁၉၈၀ နှောင်းပိုင်းကနေ ၂၀၀၀ အစောပိုင်းကာလတွေအထိ နီးစပ်ရာလူတွေနဲ့တရားမဝင်ငွေလွှဲပွဲစားတွေနဲ့သာငွေပြန်ပို့ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးပွင့်လင်းစပြုလာတဲ့ ၂၀၁၀ ခုနှစ်ကစပြီး ဘဏ်ကနေတဆင့်တရားဝင်ငွေပြန်ပို့တဲ့စနစ်ကို လုပ်သားတွေစတင်ထိတွေ့ခွင့်ရလာခဲ့ပါတယ်။