27 April 2024

သြဂုတ် ၃ ရက်၊ ၂၀၂၂

“သူတို့မလာခင် လက်နက်ကြီးနဲ့အရင်ထုပြီးလာ‌သံပေးတယ်။ တရွာလုံးက ရွာမှာ မနေရဲပဲ ပြေးရတယ်။ ရွာသားတွေမရှိတဲ့နောက် ရွာမှာစိတ်တိုင်းကျ ဖျက်ဆီး တန်ဖိုးရှိတာတွေ့သမျှယူ၊ မယူနိုင်တာတွေ တခုမကျန် စီမံချက်နဲ့ကို မီးရှို့ ဖျက်ဆီး သန္ဓေယုတ်နဲ့ကို လုပ်ကြတယ်။ ရွာထဲမှာ အကြီးဆုံးအခန်းနားဆုံးဆိုတဲ့ သိန်း 2000 တန်ကြေးရှိတဲ့ အိမ်ကြီးထဲမှာ သူတို့က တပ်ဆွဲ၊ အနားယူအိပ်စက်တည်းခိုတယ်။ ထွက်ခါနီး မီးရှို့သွားတယ်။ ဒါတင်မကဘူး သူတို့စိတ်တိုင်းကျဖျက်ဆီးအားရလို့ ထွက်သွားပြီးရွာခံတွေ ရွာထဲပြန်ဝင်ပြီး ကိုယ့်အိမ်ကိုယ့်ယာ မီးလောင်ပြင်ကြည့်ရင်း လူစုံလောက်မယ့် မှောင်စပျိုးကို လက်နက်ကြီးနဲ့ ထပ်လှမ်းထုလို့ ညကြီးမှောင်မှောင်မှ ထပ်ပြေးရရော ငိုတာတောင် ကျီးလန့်စာစား ဖြစ်ရတယ်” လို့ Yi Mon က သူ့ဖေ့ဘွတ်ခ်စာမျက်နှာမှာဖော်ပြထားပြီး မီးရှို့ဖျက်ဆီးခံရတဲ့ တင်းတိန်ရံရွာထဲက နေအိမ်ကြီးတွေ မီးလောင်ခံရတဲ့ပုံများနဲ့ဖော်ပြထားပါတယ်။

 

 

ရေဦးမြို့နယ် တင်းတိန်ရံရွာကို စစ်ကောင်စီတပ်များ ၄ ရက်တိတိ ဝင်ရောက် မီးရှို့ဖျက်ဆီး၍ ဆန်စက်နှင့် ဆီစက် ၆ လုံး၊ ဈေးဆိုင် ၂၅၀ ကျော်နှင့် နေအိမ် ၃၀၀ ကျော် မီးလောင်ကျွမ်း ပျက်စီး (ရုပ်/သံ) တွေလဲ အွန်လိုင်းပေါ်မှာတွေ့နေရပါတယ်။

 

 

တင်းတိန်ရံရွာဟာ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာတည်ရှိပြီး၊ ရွာပေါင်း ၄၅ ရွာက အမှီသဟဲပြုပြီး ဝမ်းစာရှာရတဲ့ဈေးကြီးလို့သိရပါတယ်။ စစ်တပ်က ဇူလိုင် ၂၈ ရက်နေ့မှစတင်၍ ဇူလိုင် ၃၁ ရက်နေ့ အထိ ၄ ရက်တိုင် မီးရှို့ဖျက်ဆီးမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၁၃ လုံး၊ ဆန်စက် ၄ လုံး၊ ဆီစက် ၂ လုံး၊ ဈေးဆိုင်ခန်း ၂၅၀ ကျော် မီးလောင် ဆုံးရှုံးသွားကြောင်း၊ မီးမရှို့ခင် ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားသေးကြောင်းလည်း Khit Thit Media သတင်းဌာနကဖော်ပြထားပါတယ်။

 

 

ရွာထဲကို လက်နက်ကြီးတွေနဲ့ ထုတယ်။ ဒေသခံတွေ ကြိုတင်ထွက်ပြေးကြလို့ အထိအခိုက် မရှိပေမယ့်။ မိုးတွင်းမှာ နေအိမ်တွေမီးရှို့ခံရတဲ့ ပြည်သူများမှာ နေရေး၊ စားရေး၊ သောက်ရေးအတွက် အခက်တွေနဲ့ရင်ဆိုင်နေရပြီး၊ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်များ ပြန်ထွက်သွားကြောင်း သိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS