3 May 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်

.

၂၀၂၁ စက်တင်ဘာလ ၁၃ ရက် ည ၁၁ နာရီခန့်က ကာဗျူးချိန်ကျော်လွန်တဲ့အထိ ဆန္ဒထုတ်ဖေါ်နေတဲ့ လူငယ်တွေကို ဖြိုခွင်းရေးရဲတွေက အင်အားသုံးကာ လိုက်လံ ဖမ်းဆီးခဲ့ပြီး လမ်းမပေါ်မှာ ထွက်ပြေးနေတဲ့ လူငယ်လေးတစ်ဦးကို ရဲကားဖြင့်ဝင်တိုက် ဖမ်းဆီးမှုဖြစ်ပွားခဲ့ပါတယ်။

.

အဲဒီဖြစ်ရပ်ကို မီဒီယာတွေက ဗီဒီယိုမှတ်တမ်း ရိုက်ကူးထားနိုင်ခဲ့ပါတယ်။

.

အဆိုပါ ရဲကားဟာ ဆန္ဒထုတ်ဖေါ်တဲ့ လူငယ်တစ်ဦးကို ဝင်တိုက်ပြီး နောက်ထပ် ထွက်ပြေးနေတဲ့ လူအုပ်ကိုပါ ဝင်တိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီနောက် အနုဆောင်ဝရီလမ်းဘက်ကို မောင်းထွက်သွားကာ မျက်ခြေဖြတ် ခဲ့ပါတယ်။

.

ဆန္ဒထုတ်ဖေါ်တဲ့လူငယ်ကို ဝင်တိုက်သွားတဲ့ရဲကားဟာ ဘယ်ရဲစခန်းကလဲဆိုတာကို အခုချိန်ထိမသိရသေးပါဘူး။

.

ကားဖြင့်တိုက်ခံရပြီး လမ်းမပေါ်မှာလဲကျနေတဲ့ လူငယ်ကိုတော့ ကယ်ဆယ်ရေးတွေက နီးစပ်ရာဆေးရုံဖြစ်တဲ့ ရတ်ချဝိထီ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ခါးရိုးနှင့် မေးစေ့မှာ ဒဏ်ရာရခဲ့တယ်လို့ ကနဦးသိရပါတယ်။

.

ထိုင်းနိုင်ငံသားတွေဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိုင်းအစိုးရအနေနဲ့ ကောင်းမွန်စွာမကိုင်တွယ်နိုင်တာ၊ ထိုင်းစီးပွားရေး အနုတ်ပြနေတာ စတဲ့ အချက်တွေကို အကြောင်းပြုပြီး ကိုဗစ်စတုထ္ထလှိုင်း အနည်းငယ် လျော့ဆင်းလာတဲ့ စက်တင်ဘာလ အ‌စောပိုင်းကစလို့ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖေါ်နေကြတာပါ။

.

အရင်အပါတ်တွေက ဆန္ဒထုတ်ဖေါ်တဲ့ လူငယ်တွေကို ဖြိုခွင်းရေးရဲတွေက ဆိုင်ကယ်မောင်းပြီး လိုက်လံဖမ်းဆီး တာတွေရှိခဲ့ပြီး နောက်ပိုင်းမှာ ဖြိုခွင်းရေးရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ဆုံမှုဟာ ပိုပြီးကြမ်းတမ်း လာခဲ့တာပါ။

SHARE THIS NEWS

OTHER NEWS