28 April 2024

ဩဂုတ် ၁၇ ရက်နေ့ ထိုင်းအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မည့် အလားအလာ
.
ဩဂုတ် ၁၄ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံမှာ ပါတီစုံရွေးကောက်ပွဲကို မေလ ၁၄ ရက်နေ့က ကျင်းပခဲ့တယ်။ နက်ဖြန်ဆိုရင် ၃-လ ပြည့်ပြီ။ အစိုးရတခု ဖွဲ့နိုင်ဖို့ ကြိုးပမ်းတုန်းပဲ။ ရွေးကောက်ပွဲပြီးခါစက တက်ကြွလှုပ်ရှားနေကြတဲ့ စိတ်တွေနဲ့ နိုင်ငံရေးပါတီတွေကလည်း အခုအခါတော့ ရှေးရိုး နိုင်ငံရေးကစားပွဲထဲကို ပြန်ကျရောက်နေခဲ့ပြီ။ ထိုင်းနဲ့ အချိန်တူ ရွေးကောက်ပွဲလုပ်တဲ့ တူရကီ (တာကီယဲ) မှာတောင် အစိုးရသစ် ပေါ်ခဲ့ပြီ။ သူများနိုင်ငံတွေ (ဥပမာ- ဩစတြေလျ၊ ကနေဒါတို့ဆိုရင်) ရွေးကောက်ပွဲ အပြီး ရက်ပိုင်းမှာတင် အဖြေထွက် အစိုးရသစ်ပေါ်ထွက်ခဲ့ပြီ။ ထိုင်းနိုင်ငံက ဘာကြောင့် ဒီလောက်ခက်ခဲနေတာလဲ။
.
လက်ငင်းဖြစ်ရပ်တွေ
.
ဖိတာတို့ Moving Forward party က ဝန်ကြီးချုပ်နာမည် တင်သွင်းတာ ၂ ခါ မအောင်မြင်ပြီးတဲ့နောက် ညွန့်ပေါင်း ထဲက ကျန် ပါတီတွေကို ကြိုးစားခွင့် အခွင့်ပေးလိုက်ရတယ်။ ဒီအခါ ဒုတိယအများဆုံး အနိုင်ရ ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ဖို့ စတင်ကြိုးစား လာခဲ့တယ်။ ညွန့်ပေါင်းလည်း ပျက်ပြီဆိုပါစို့။
.
ဒီကာလမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြည်တော်ပြန်မယ်၊ လွမ်းလှချည့်ဆိုပြီး အသံလွှင့်နေခဲ့တယ်။ သူပြန် လာရင် ထောင်ကျခံရဖို့ ၁၂- နှစ် ရှိနေတယ်။ ဘုရင့်အမိန့်နဲ့ သက်ညှာမှု ရှိကောင်းလည်း ရှိနိုင်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာ ပြန် လာခဲ့မယ် အသံလွှင့်ထားပေမယ့်၊ ရောက်မလာခဲ့ဘူး။ ကျန်းမာရေး ဆေးစစ်ခံဖို့ အကြောင်းပြတယ်။ အရင်တုန်းကလည်း ဒီလိုပဲ ရက်ချိန်းပေးလိုက်- ဖျက်လိုက် လုပ်ခဲ့တာပဲလို့ စောင့်ကြည့်လေ့လာသူတွေက ပြောကြ တယ်။
.
ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ဖို့ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်လာတယ်။ အများစုကတော့ အကယ်၍ ဖွေ့ထိုင်းက ဘုရင့် ကို ဝေဖန်ပြစ်တင်တဲ့သူတွေအပေါ် အရေးယူတဲ့ပုဒ်မ (Lèse-majesté law) ဖျက်သိမ်းရေး/ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ကိုင်စွဲထားရင်တော့ မပေါင်းနိုင်ဘူးလို့ အသံလွှင့်ကြတယ်။ ဖွေ့ထိုင်းက တတိယမဲအများဆုံး အနိုင်ရတဲ့ ဖုမ်ကြိုင်ထိုင်း ပါတီ ကို စည်းရုံးတယ်။ ဒီပါတီက အရင်အစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ဦးဆောင်ပြီး တော့ ဆေးခြောက်စီးပွားဖြစ် စိုက်ပျိုးရေးကို လှုံ့ဆော်နေတဲ့ ပါတီလို့ လူသိများတယ်။ ဒီပါတီခေါင်းဆောင် နေဝင်း ချစ်ချော့ပ် (၁၉၅၈ အာဏာသိမ်းအပြီး အာဏာပြန်အပ်တဲ့အတွက် လေးစားတာကြောင့် ဦးနေဝင်းကို ဂုဏ်ပြုလို့ သူ့အဖေက ဒီနာမည်ပေးခဲ့တယ်) တို့က စားနေကျ ကြောင်ဖားတွေ- အာဏာနိုင်ငံရေးမှာ ကျင်လည်နေတာကြာပြီ။
.
သတင်းတွေအရ ဖွေ့ထိုင်းက အစိုးရဖွဲ့ဖို့ အင်အားစုနိုင်ခဲ့ပြီလို့ ရေးထားတယ်။ အရင် MFP- ဖွေ့ထိုင်း ၈ ပါတီ ညွန့် ပေါင်းတုန်း က စုစုပေါင်း ၃၁၂ မဲ/ ၅၀၀ မဲ ရှိခဲ့တယ်။ အခု အစိုးရညွန့်ပေါင်းအသစ်မှာတော့ ဖွေ့ထိုင်း (Pheu Thai) ၁၄၁ မဲ၊ ဖုမ်ကျိုင်ထိုင်း (Bhumjaithai) ၇၁ မဲ၊ အစိုးရဟောင်းပါတီ ဖလမ်ပရာချာရတ်သ်ပါတီ (PPRP) ၄၀ မဲ၊ ဝန်ကြီး ချုပ်ဟောင်း ပရာယွတ် ဦးဆောင်တဲ့ပါတီ (UTN) ၃၆ မဲ၊ ချတ်ထိုင်း ဖတ်ထနာ ပါတီ (Chartthaipattana) ၁၀-မဲ၊ ပရာ ချာချတ်ပါတီ (Prachachat) ၉-မဲ၊ ဖွေ့ထိုင်း ရုမ်ဖလန်ပါတီ (Pheu Thai Ruam Palang) ၂ မဲ၊ ချတ်ဖတ်ထနာကလား ပါတီ (Chartpattanakla) ၂ မဲ၊ Seri Ruam Thai Party, Plung Sungkom Mai, ThongtheeThai နဲ့ the New Democracy Party တွေက ကိုယ်စားလှယ် ၁ မဲ တွေ ရှိနေကြတယ်။ စုစုပေါင်း ၃၁၅ မဲ ရှိနေပြီ။ အစိုးရဟောင်းက ‘အန်ကယ်ကြီးတို့ပါတီ’ က လူတွေ ပါနေတော့လည်း ဆီးနိတ် အထက်လွှတ်တော်က ထောက်ခံမဲရဖို့လည်း သေချာ သလောက် ရှိနေပါတယ်။
.
သတင်းစာဆောင်းပါး အချို့ကတော့ ဖွေ့ထိုင်းဟာ ‘ရန်သူနဲ့ အိပ်ရတော့မယ်’ လို့ ရေးပါတယ်။ လူထုတွေ၊ တက်ကြွ လှုပ်ရှား သူတွေကတော့ ဒီမိုကရေစီအရေးကို ‘သစ္စာဖောက်တယ်’ လို့ မြင်ကြပါတယ်။ MFP ပါတီခေါင်းဆောင် မအောင်မြင်ခဲ့တဲ့ ဝန်ကြီးချုပ်လောင်း ဖိထာကတော့ ‘ငါးမြှားချိတ်ကို မြင်ပါ၊ သူတို့လှည့်ကွက်ထဲ မိမယ်’ လို့ သတိပေး ပါတယ်။ MFP ပါတီက အရေးကြီး တဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အမာရတ် (Amarat Chokepamitkul) ကတော့ သူ့ဖေ့ဘုတ်မှာ ‘ပြည်သူတွေက အစိုးရသစ်ရမှာ မဟုတ်ပါဘူး။ အရင်အစိုးရပါပဲ၊ ဖွေ့ထိုင်းက ပေါင်းထည့်လိုက်တာပါ’ လို့ ရေးထားပါတယ်။
.
သတင်းဖော်ပြချက်တွေအရ အရင်အစိုးရပါတီ (PPRP) က ဖွေ့ထိုင်းဦးဆောင်တဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့တာကို လက် ခံလိုက်ပြီ။ အပြန်အလှန်အနေနဲ့ ဝန်ကြီးနေရာ အချို့သူတို့ ရဖို့ သဘောတူပြီးလို့ ဆိုပါတယ်။ PPRP ရဲ့ ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ဟောင်း နဲ့ အရင် ဒုဝန်ကြီးချုပ် ပရာဝစ် ဝုန်ဆူဝမ်က နိုင်ငံရေးက နားမယ်လို့ သတင်းတွေ ထွက် ပေမယ့် မဟုတ်ပါဘူးတဲ့။ အရင်က သူ့ညီ ရဲဗိုလ်ချုပ်ဟောင်း ပက်ချ်ရာဝတ် (Patcharawat Wongsuwon) ကို အစိုးရမှာ ဦး ဆောင်စေမယ်လို့ သတင်း ဖြစ်ခဲ့ပေမယ့် ပရာဝစ်ကိုယ်တိုင် မထွက်လာဘူးလို့လည်း ဆိုလို့ မရသေးပါဘူး။ ဝန်ကြီး ချုပ်ဟောင်း ပရာယွတ် ဦးဆောင်တဲ့ UTN ပါတီကတော့ အင်္ဂါနေ့ အစည်းအဝေးအပြီး ထုတ်ပြောမယ်လို့ ဆိုပါတယ်။ MFP ပါတီကတော့ အတိုက်အခံ ဖြစ်သွားပါလိမ့်မယ်။ အစိုးရဖွဲ့ကြတဲ့ ဖွေ့ထိုင်းအပါအဝင် ပါတီတွေကလည်း ဒီမိုက ရေစီအရေးအတွက်၊ တိုင်းပြည်မှာ အစိုးရမရှိဘဲ မတည်ငြိမ် ဖြစ်နေတာတွေကို မလိုလားလို့ အကြောင်းပြကြပါတယ်။ ရှေ့အပတ် ကြာသပတေး (ဩဂုတ် ၁၇ လောက်မှာ) ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ မဲပေးတာတွေ ဖြစ်နိုင်ပါတယ်။
.
ဖွေ့ထိုင်းပါတီကတော့ အရင်ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ဟောင်း ဆရီထာ ထာဝတ်ဆင် (Srettha Thavisin) ကို ဝန်ကြီး ချုပ်တင်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အရင်တုန်းက ရေချိုးခန်းပိုင်ရှင်ဟောင်း/ နိုင်ငံရေးသမားဟောင်း နဲ့ အခုအခါ အော်ချက်ဖွင့်နေတဲ့ ချူဝစ် (Chuvit Kamolvisit) ကတော့ သူကတော့ ဆရီထာ မဟုတ်တာတွေကို ဖွင့်ချ သွားမယ်လို့ ဆိုပါ တယ်။ ချူဝစ်က သူဟာ အသည်းကင်ဆာ အဆင့်-၃ ရောက်နေပြီ။ အဆင့် ၄-ကို ကူးဖို့ မကြာတော့ ဘူး။ သူအသက်ရှင်စဉ် ပြောသင့်တာတွေ ပြောခဲ့မယ်လို့ ဆိုနေပါတယ်။ ဝန်ကြီးချုပ်လောင်း ဆရီထာက ဆာရာဆင် လမ်းပေါ်က မြေကွက် (၁၆၀၀ စတုရန်းမီတာ) ကို ဝယ်ခဲ့တဲ့ အချိန်တုန်းက ဘတ်သန်း ၅၂၁ သန်း အခွန်ရှောင်ခဲ့တယ်၊ ဘတ်သန်း ၅၀ ကျော်ပဲ အခွန်ဆောင် ခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဆရီထာကလည်း ချက်ချင်းဖြေရှင်းပါတယ်။ အခွန် ဆောင်ဖို့ တာဝန်က မြေဝယ်တဲ့သူ မဟုတ်၊ မြေရောင်းပြီး ငွေရသူတွေက ဆောင်ရမှာပါလို့ ဆိုပါတယ်။
.
ဆရီထာက ၁၉၆၃ ဖွား (အသက် ၆၀ ရှိပါပြီ)။ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု Claremont Graduate University ကနေ ငွေကြေးဆိုင်ရာ ဘာသာရပ်နဲ့ MBA ပြီးထားပါတယ်။ ထိုင်းက Sansiri ဆောက်လုပ်ရေးကုမ္ပဏီကြီးရဲ့ ဦးဆောင်လည်း ဖြစ်ပါတယ်။ (အခုတော့ နိုင်ငံရေးထဲဝင်ဖို့ လက်လွှဲပြောင်းထားပြီးပါပြီ)။
.
ဆောင်းပါး : ဆရာအောင်သူငြိမ်း
.

SHARE THIS NEWS

OTHER NEWS