17 May 2024

ဓာတ်ပုံ ลึกชัดกับผิงผิง

 

အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁

 

၂၀၂၁ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှု ရာထားချက်ထက်လျော့နည်းနေ။

 

၂၀၂၁ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံ၏ တနိုင်ငံလုံးထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက်မှုသည် ၄.၉% သာရှိခဲ့၍ ယခင်နှစ်ကာလတူထက်လျော့နည်းနေသလို ရိုက်တာစစ်တမ်းတွင်ခန့်မှန်းထားသည့် ၅.၂% ထက်ကိုလည်းလျော့နည်းနေသည်ဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရို(အန်ဘီအကစ်) မှ ဖော်ပြထားသည်။

 

 

တချိန်တည်းတွင် စက်တင်ဘာလအတွင်းစက်မှုကဏ္ဍထုတ်လုပ်မှုသည် ၃.၁% သာတိုးတက်ခဲ့ပြီး ရိုက်တာမှခန့်မှန်းထားသည့် ၄.၅% ထက်လျော့နည်းနေသည်။

 

တတိယသုံးလပတ်တွင် ပြည်တွင်းပြည်ပအန္တရာယ်ဖြစ်နိုင်ခြေနှင့်စိန်ခေါ်မှုများမြင့်တက်လာခြင်း၊ စွမ်းအင်လုံလောက်မှုမရှိခြင်း စသည့်အကြောင်းရင်းများက ပုံမှန်ထုတ်လုပ်မှုအပေါ်သက်ရောက်မှုရှိစေခဲ့သော်လည်း တရုတ်စီးပွားရေးအပေါ်သက်ရောက်မှုကို ထိန်းချုပ်ထားနိုင်သည်ဟု အင်ဘီအက်စ်ပြောရေးဆိုခွင့်ရှိသူ ဖူး လင်းဟွေ့ ကဆိုသည်။

 

 

ကျောက်မီးသွေးလိုအပ်မှုမြင့်မားခြင်းနှင့်ဓာတ်အားလိုအပ်မှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာလကုန်ပိုင်းတွင် ကျောက်မီးသွေးပြတ်လပ်မှုကြောင့် စက်ရုံတော်တော်များများထုတ်လုပ်မှုရပ်ဆိုင်းထားရပြီး အာဏာပိုင်မှရုတ်တရက်မီးဖြတ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ဘေဂျင်းအစိုးရက ကျောက်မီးသွေးရောင်းလို

အားမြှင့်တင်ပေးရန်နှင့်ဓာတ်အားအာမခံချက်ရှိအောင်ဆောင်ရွက်ပေးမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

 

တဆက်တည်းတွင် ယခုနှစ်ပထမသုံးလပတ်တွင် အိမ်ခြံမြေဈေးကွက်ရင်းနှီးမြှုပ်နှံမှုအေးဆက်ခဲ့ပြီးယခင်နှစ်ကာလတူထက် ၇.၃% သာတိုးတက်ခဲ့၍ ခန့်မှန်းထားသည့် ၇.၉% ထက်လျော့နည်းနေသည့်အချက်ကြောင့် ရင်းနှီးမြှုပ်နှံသူများက အနာဂတ်စီမံကိန်းများတွင် ရင်းနှီးမှုပြုရန် တုံ့ဆိုင်းခဲ့သည်ဟု အန်ဘီအက်စ် ကဆက်လက်အစီရင်ခံထားသည်။

 

 

ချေးငွေထုတ်ပေးသည့်စည်းကမ်းချက်များကိုထိန်းချုပ်လိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုကိန်းဂဏန်းကိုကျုံ့စေခဲ့ပြီး အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုကို ၃.၅% ထိုးကျစေခဲ့၍ အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၂.၅% ကျဆင်းခဲ့သည်ဟု ကမ္ဘာ့ဈေးကွက်နည်းဗျူဟာပညာရှင် ကျူ ကျောက်ဖင်း ကဆိုသည်။

အိမ်ခြံမြေနှင့်ဆက်စပ်လုပ်ငန်းများ၏တန်ဖိုးသည် တရုတ်ဂျီဒီပီ၏ ၄ ပုံ ၁ ပုံအထိကြီးမားသည်ဟု မူဒစ်ကအကဲဖြတ်ထားသည်။ ထို့ပြင် ပြီးခဲ့သည့်ကာလများတွင် ဘေဂျင်းအစိုးရက အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများ၏ချေးငွေထုတ်ယူမှုကိုလျော့ချရန်ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS