28 April 2024

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့တွင် မြန်မာလုပ်သား ၂၃ ဦးကိုတင်ဆောင်လာသည့်လူမှောင်ခိုကားတိမ်းမောက်ရာမှ အသက်သေဆုံးခဲ့သည့်မြန်မာ ၃ ဦးအနက် တစ်ဦး၏အလောင်းကိုဗန်ကောက်မြို့တွင်မီးသဂြိုလ်ပေးနိုင်ရန် မဲဆောက်သံအရာရှိကြိုးပမ်း။

 

အဆိုပါ လူမှောင်ခိုကားတိမ်းမောက်ရာမှ သေဆုံးသူမြန်မာ ၃ ဦးအနက် တစ်ဦးမှာ မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့၊ သီရိနန္ဒာရက်ကွက်တွင်နေထိုင်သူ မောင်ဟိန်းမင်းဖြစ်သည်ဟု သိရသည်။

 

သေဆုံးသူသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်နေထိုင်သည့်မိသားစုများကိုအသိပေးခြင်းမရှိဘဲ တရားမဝင်တက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းမှတဆင့်မိသားစုဝင်များသိရသည်ဟု ၎င်း၏မိသားစုဝင်တစ်ဦးကဆိုသည်။

 

သူသည် ကလေးနှစ်ယောက်ဖခင်ဖြစ်ပြီး ၃ နှစ်အရွယ်နှင့် ၂ နှစ်အရွယ်ကလေးများဖြစ်ကာသားသမီးနှစ်ဦးနှင့်ဇနီးဖြစ်သူတို့သည် နေရပ်ပြန်ရာမှ မြဝတီတွင်ကွာရန်တင်းဝင်နေကြရသည်ဟု သိရသည်။

 

သေဆုံးသည့်သတင်းကို ထိုင်းရှိမိသားစုဝင်များသိရှိပြီးနောက် အလောင်းကိုဗန်ကောက်တွင်မီးသဂြိုလ်ရန် အလောင်းထားရှိရာဆေးရုံသို့သွားရောက်ထုတ်ယူခဲ့သော်လည်း အမှုကြီးဖြစ်၍ ထပ်မံစစ်ဆေးမှုများပြလုပ်ရမည်ဟုဆိုပြီး ဆေးရုံမှ အလောင်းထုတ်ပေးခြင်းမပြုခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ယနေ့မနက်တွင် မဲဆောက်သံအရာရှိမှဆေးရုံသို့သွားရောက်ပြီး အလောင်းထုတ်ယူနိုင်ရန် ကူညီပေးလျှက်ရှိသည်ဟု သံအရာရှိကဆိုသည်။

 

သတင်း ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS