3 May 2024

ထိုင်းနိုင်ငံရေးစနစ်ရဲ့ ဝိရောဓိများ
.
ဇွန် ၂၁ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့က ရွေးကောက်ပွဲပြီးခဲ့ပါပြီ။ တပါတီထဲနဲ့ အစိုးရဖွဲ့လောက်အောင် အပြတ်အသတ် မနိုင်ပေမယ့်လည်း Move Forward party (ဖတ်ကောင်းကရိုင် ပါတီ) အောင်ပွဲခံခဲ့ ပါတယ်။ လူငယ်ထုအကြား အတော်ရေပန်းစားတဲ့ အပြင်၊ အပြောင်းအလဲအသစ်ကို မျှော်လင့်ချက်ထား တဲ့ ဘန်ကောက်လူထုအကြားမှာပါ အပြတ်အသတ် အောင်ပွဲခံခဲ့ပါတယ်။ သူတို့ပါတီနဲ့ ၈ ပါတီ မဟာ မိတ်ညွန့်ပေါင်းကတော့ အစိုးရဖွဲ့ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ် နိုင်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက် ၃၇၆ ဦးတော့ မရသေးပါဘူး။ (အောက်လွှတ်တော် ၅၀၀ + ဆီးနိတ် ၂၅၀ ပေါင်းရဲ့ တဝက်ကျော်)။ သူတို့ ညွန့်ပေါင်းအတွက် မဲကတော့ ၃၁၃ မဲ စုထားနိုင်ပါပြီ။
.
ဒီနေရာမှာ ဝန်ကြီးချုပ်လောင်းလို့ နာမည်ပြေးနေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်မ်ဂျရွန်ရတ် (Pita Limjaroenrat) ရဲ့ နိုင်ငံရေးရှေ့ခရီး အတွက် မိုးတိမ်မဲကြီးက အပေါ်မှာဆိုင်း နေပါသေးတယ်။ စိတ်ချလက်ချ ပျော်လို့မရ နိုင်သေးပါဘူး။ အကြောင်းက မီဒီယာကုမ္ပဏီတခုဖြစ်တဲ့ iTV မှာ သူ့ရဲ့အစုရှယ်ယာ ၄၂,၀၀၀ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါပဲ။ အမှန်က သူ့ လွန်လေသူ သူ့အဖေ ဆီက အမွေရထားတာပါ။ တန်ဖိုးကလည်း အစုတခုကို ၅ ဘတ်လောက်ပဲ ရှိပါတယ်။ သူက အခုရှယ်ယာ ကို အမွေရထားရုံ၊ ကိုယ်တိုင်လည်း စီမံခန့်ခွဲနေတာမျိုး မဟုတ်တော့ အလေးမထားပါဘူး။ အဂတိ ကော်မရှင် (National Anti-Corruption Commission) ကိုတော့ သူသတင်းပို့ခဲ့ပါတယ်။ အမှန်က iTV ကုမ္ပဏီကလည်း မီဒီယာလုပ်ငန်း တကယ် လုပ်မနေတော့ပါဘူး။ အစိုးရဆီက သူတို့ရရန်ကျန်ငွေ ဘတ် ၂.၈ ဘီလီယံကို ပြန်တောင်းဆိုနေဆဲ၊ တရားဆိုင်နေဆဲ မို့ ရှိနေသေးတာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၉၈ (၃) အရ နိုင်ငံရေး သမားတွေဟာ မီဒီယာ ကုမ္ပဏီတွေမှာ အစု ရှယ်ယာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ သဘောက မီဒီယာဩဇာ လွှမ်းမိုးမှုကိုသုံးပြီး နိုင်ငံရေးအကျိုးအမြတ် ရယူဖန်တီးမှာစိုးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီပြဌာန်းချက်က ရှိနေခဲ့တာ ၁၅-နှစ် ကြာပါပြီ။ ပြောရရင်လည်း ဒီဥပဒေသုံးပြီး ရွေးချယ်ခံ ကိုယ်စားလှယ်ပေါင်း ၆၅ ဦး အရေးယူခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ Move Forward ပါတီရဲ့ အရင်ပါတီ (Future Forward ပါတီ- နောက်တော့ ဖျက်သိမ်းခံရ) ပီတာရဲ့ လုပ်ဖော်ကိုင်ဖက် ပါတီဥက္ကဋ္ဌ ထာနာထွန် (ThanathornJuangroongruangkit) နဲ့ အခြားသူတွေလည်း အရေးယူခံရဖူးပါတယ်။ အဲဒီသူတွေ နိုင်ငံရေးထဲ အရွေးခံခွင့် ၁၀-နှစ် ပိတ်ပင် ခံရပါတယ်။ [ကြည့်မရတဲ့ သူတွေကိုပဲ နှိပ်ကွပ်ဖို့ တမင်လုပ်ထားလေသလားလို့တောင် အောင်းမေ့မိ ပါတယ်။]
.
ဘန်ကောက်ပို့စ် သတင်းစာမှာ ကိုယ်စားလှယ်တဦး အဖြစ်ကို ပြောပါတယ်။ ကန်ချနပူရီ ခရိုင်မှာ ဒေသန္တရအုပ်ချုပ်ရေး ရွေးကောက်ပွဲ (local tambon election) ဝင်ပြိုင်တဲ့ ဆူရာချုက် (Surachoke Tivakorn) ပါ။ သူပိုင်ဆိုင်တာက MCOT မီဒီယာ ရှယ်ယာ (၅- ဘတ်တန်) တခုတည်းပါ။ ဒါနဲ့ပဲ ကန်ချန ပူရီ ခရိုင်တရားရုံးက သူ့ကို ရွေးကောက်ပွဲဝင်ခွင့် နှစ် ၂၀ ပိတ်ပင်ခံရပါတယ်။ ဆိုင်းငံ့ထောင်ဒဏ် ၂၁-လ နဲ့ ဒဏ်ငွေ ၂၀,၀၀၀ ဘတ် ပေးဆောင်စေပါ တယ်။ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားအပေါ် မှီတည်နေရသလိုပါပဲ။
.
ပီတာရဲ့ မီဒီယာရှယ်ယာ ကိစ္စအပေါ် ရွေး/ကော်က သူမဆုံးဖြတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို တင်လိုက်ပါတယ်။ ဇွန် ၁၃ ဆုံးဖြတ်ပါမယ်။
.
ပီတာရဲ့ အစုရှယ်ယာကိစ္စကို တိုင်ကြားသူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Ruangkrai Leekitwattana (အာဏာရ PPRP ပါတီဝင်) ဖြစ်ပါတယ်။ ဘယ်လိုဘယ်ပုံ တိုင်ကြားတဲ့အပေါ် မူတည်တယ်လို့ လက်ရှိ အိမ်စောင့် အစိုးရ ဒုဝန်ကြီးချုပ် ဝီစနု (Mr Wissanu) က ပြောပါတယ်။ ဝန်ကြီးချုပ်တဦး အနေနဲ့ တိုင်ကြားရင်တော့ သိပ်ပြဿနာ မရှိပါဘူး။ ထိုင်း ဖွဲ့စည်းပုံဥပဒေအရ ဝန်ကြီး ချုပ်ဟာ လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်ဖို့ မလိုပါဘူး။ (လွှတ်တော်ကိုယ်စားလှယ် နေရာကတော့ ပြုတ်သွား မှာပေါ့)။ ကိုယ်စားလှယ်အဖြစ်နဲ့ တိုင်ကြားခဲ့တယ်ဆိုရင်၊ အကယ်၍ အပြစ်ရှိတယ် ဆုံးဖြတ်မယ်ဆိုရင်ပီတာလည်း ကိုယ်စား လှယ်နေရာကပြုတ်၊ သူက ပါတီခေါင်းဆောင်အဖြစ် ထောက်ခံလက်မှတ်ထိုးထားတဲ့ Move Forward တပါတီလုံးက အမတ်တွေအားလုံး ပြန်လည်ရုပ်သိမ်းခံရမှာပါ။ တိုင်ကြားသူကတော့ သူက နှစ်ခုလုံးအတွက် တိုင်ထားတယ်လို့ ဆိုပါတယ်။
.
ချူလာလောင်ကောင် တက္ကသိုလ်နိုင်ငံရေးသိပ္ပံ ပါမောက္ခ သစ်ထိနန် (Thitinan Pongsudhirak) ကတော့ ဘန်ကောက်ပို့စ် သတင်းစာ ဆောင်းပါး “ရွေးကောက်ပွဲအပြီး လေပြေညင်းမှာ ဖြေရှင်းစရာ များစွာ ရှိနေသည် (Post-poll lull has a lot to answer for)” မှာ ရှေ့နောက်မညီတာလေးတွေ ရေးထားပါတယ်။
.
ပီတာကိစ္စကို ရွေးကော်မရှင်ဆီ တိုင်တဲ့သူက ‘အမည်မဖော်ပြတဲ့ ဘော့စ်’ တဦးဆီက ဇိမ်ခံကားတစင်း လက်ဆောင်ရထားပါ တယ်တဲ့။ ဒါကိုတော့ လူသိနည်းပါလိမ့်မယ်။ နောက်တခုက အခု ဝန်ကြီးချုပ် ပရာယွတ်ဆိုရင် သူ့ပိုင်ဆိုင်မှုတွေကို ဘယ်တုန်း ကမှ ထုတ်ဖော်ကြေညာတာ မရှိခဲ့ပါဘူးတဲ့။ ဒါလည်း ပြဿနာ ရှိမနေပါဘူး။ အာဏာရ PPRP ဖလမ်ပရာချာရသ် ပါတီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာဝစ် (Prawit Wongsuwon) ဆိုရင်လည်း ဇိမ်ခံတန်ဖိုးကြီး လက်ပတ်နာရီတွေကိစ္စနဲ့ ဟိုးလေး တကျော် ဖြစ်ခဲ့ဖူးပါတယ်။ ဒါလည်း ဘာမှမဖြစ်ခဲ့ပါဘူး။ PPRP ပါတီကိုယ်၌က မူးယစ်ဆေးနဲ့ နာမည် ကျော်တဲ့ တရုတ် စီးပွားရေးသမားကြီး မစ္စတာ ချိုင်ယာနတ် ဆီက ဘတ် ၃ သန်း အလှူငွေ မနှစ်တုန်းက လက်ခံယူခဲ့ဖူးပါတယ်။ ပါတီ ဖျက်သိမ်းခံရဖို့ မဖြစ်ခဲ့ကြပါဘူး။ ဖုမ်ကျိုင်ထိုင်း ပါတီ (Bhumjaithai) ဆိုရင်လည်း သူ့ခေါင်းဆောင်က ပြည်သူ့ကျန်းမာ ရေးဝန်ကြီး လုပ်စဉ်ကာလမှာ Covid-19 ကာကွယ် ဆေး စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။ သူကပဲ ဆောက်လုပ်ရေးကုမ္ပဏီ တခု ပိုင်ဆိုင်ထားတော့ လွှတ်တော်အဆောက်အဦ အသစ်ကြီး တည်ဆောက်ခွင့် ရတဲ့အခါ ဘတ်ဂျက်နဲ့ ပြီးစီးရမယ့် အချိန်ဇယား မကိုက်ဖြစ်ခဲ့တာ တွေကျတော့လည်း ရှိနေခဲ့တာပဲ… လို့ ရေးပါတယ်။
.
ဆောင်းပါး : ဆရာအောင်သူငြိမ်း

SHARE THIS NEWS

OTHER NEWS