29 April 2024

မယ်ဆိုင်တွင် တရားမဝင်မြန်မာ ၁၆ ဦးတင်ဆောင်လာသည့် ဗင်းကားတိမ်းမှောက်၊ တစ်ဉီးလျှင် ပွဲစားခ ဘတ် ၂ သောင်းခွဲပေးရဟု ဆို။

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်၊ ကော်ချန်းကျေးရွာအုပ်စု၊ မူ-၂ ၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိလမ်းပေါ်တွင် ယနေ့မနက် ၀၂.၁၅ နာရီအချိန်၌မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိပြီးနောက်အခင်းဖြစ်ပွားသည့်နေရာသို့ နယ်ခြားစောင့်တပ်ဦးဆောင်သည့် အဖွဲ့စုံပူးပေါင်း တပ်ဖွဲ့သွားရောက်စစ်ဆေးခဲ့သည်ဟု Chiang Mai News သတင်းဌာနမှဖော်ပြထားသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိသွားချိန်တွင် လမ်းကွေ့တွင်အရှိန်လွန်၍ လမ်းသံဘောင်နှင့်တိုက်မိ နေသည့် ချင်းမိုင်လိုင်စင် တိုယိုတာအမျိုးအစား အဖြူရောင်ဗင်းကားတစ်စီးကိုတွေ့ရှိရပြီး ကားပေါ်တွင်လူဝင်မှုအထောက်အထားမပါရှိသည့် မြန်မာ ၁၆ ဦး (ကျား ၁၁ ဦး၊ မ ၅ ဦး) တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

 

 

မော်တော်ကားပေါ်လိုက်စီးနင်းလာသည့်မြန်မာများတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြသော်လည်း ပွဲစားခတစ်ဦးလျှင် ဘတ် ၂၂,၀၀၀ မှ ၂၅,၀၀၀ အထိပေးခဲ့ရသည်ဟု ထွက်ဆိုကြသည်။

 

အဆိုပါ မြန်မာ ၁၆ ဦးသည် ထိုင်းနိုင်ငံအတွင်းပိုင်း ချင်းမိုင်၊ လမ်းပမ်း၊ ဗန်ကောက် စသည့်မြို့များသို့အလုပ်လုပ်ရန်ဝင်လာခဲ့ကြသူများဖြစ်ပြီး ယာဉ်မောင်း၏လမ်းမကျွမ်းကျင်မှုကြောင့် ယာဉ်မတော်တဆဖြစ်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး ထင်သလောက်ခရီးမပေါက်ဖြစ်ခဲ့ကြရသည်ဟု ပူးပေါင်းတပ်ဖွဲ့ကဆိုသည်။

 

ထို့နောက် တရားဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန် ကော်ချန်းနယ်မြေရဲစခန်းသို့ဆက်လက်ပို့ဆောင်ထားသည်ဟု သိရှိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS