26 April 2024

,

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်အင်ဒိုနီးရှားအသင်းတို့၏ ခြေစမ်းပွဲတွင်ကြိုတင်ပေါက်ကြားသည့် ရလဒ်အတိုင်း ၄-၁ ဂိုးဖြင့်ရလဒ် ထွက်ပေါ်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် အင်ဒိုနီးရှာ လက်ရွေးစင်အသင်းတို့ တူရကီနိုင်ငံတွင် ခြေစမ်းပွဲ ကစားကြရာ ရလဒ်မှာ ကြိုတင်ပေါက်ကြားထားသည့်အတိုင်း ၄-၁ ဂိုးရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ရက် မြန်မာအချိန် ည ၉နာရီတွင်ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ပွဲမစမှီကပင် အင်ဒိုနီးရှားအသင်းက ၄-၁ဂိုးဖြင့် အနိုင်ရမည်ကို ကြိုတင်သတင်းထွက်နေကြောင်း မြန်မာဘောလုံးအသင်းနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

အင်ဒိုနီးရှားအသင်းမှာ ပထမပိုင်းတွင် မြန်မာအသင်းကို ၃ဂိုးပြတ်နိုင်နေပြီး ဒုတိယပိုင်းတွင် တဖက်တဂိုးစီ ထပ်မံသွင်းယူကာ ၄-၁ ဂိုးဖြင့် ပွဲပြီးသွားခြင်းဖြစ်သည်။

“၂-၀ ဂိုးဖြစ်နေကတည်းက ကျွန်တော့်မိတ်ဆွေကပြောတယ်။ ဒီပွဲက ၄-၁နဲ့ ပြီးမှာတဲ့။ ကျွန်တော်မယုံဘူး။ တကယ်ပဲ ၄-၁နဲ့ပြီးသွားတယ်” ဟု အမည်မဖော်လိုသူ သတင်း ရင်းမြစ်တစ်ဦးကပြောသည်။

အရှေ့တောင်အာရှ ဘောလုံးလောကတွင် ဂိုးရလဒ်အတိအကျခန့်မှန်းသည့် လုပ်ပွဲကစားခြင်းမှာ တွင်ကျယ်လေ့ရှိပြီး ယင်းလုပ်ပွဲထဲတွင် လက်ရွေးစင်အသင်းများလည်း ပါဝင်ကြောင်း အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

မြန်မာနိုင်ငံဘောလုံးလောကတွင် ရာထူးကြီးတာဝန်ယူသူတစ်ဦးမှာ နာမည်ကြီး လောင်းကစားလောကသားတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံတွင် အသုံးများသည့် အွန်လိုင်း‌လောင်းကစားဝက်ဘ်ဆိုဒ် ibet789 ကို ချုပ်ကိုင်ထားသူတစ်ဦး ဖြစ်သည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS