26 April 2024

,

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၁

လုပ်ပွဲထိုးခဲ့သည့် မွေထိုင်းလက်ဝှေ့သမား ဖားဝမ်မိုင် တရားစွဲခံရ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့၊ သောကြာနေ့က ဘူရီရမ်ခရိုင်အားကစားရုံ လက်ဝှေ့ကြိုးဝိုင်းမှာ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ဟာ လုပ်ပွဲဖြစ်တယ်လို့ ချော် ထိုင်စက်မွေထိုင်းလက်ဝှေ့ကလပ်ရဲ့ လက်ဝှေ့သမား ဖားဝမ်မိုင် ကထွက်ဆိုခဲ့ပါတယ်။

အသက် ၁၉ နှစ်မွေထိုင်းဖိုက်တာရဲ့ထိုးသတ်ပုံမူမမှန်တာကို ဖစ်ယင်ဒီမွေထိုင်းလက်ဝှေ့ကလပ်ပိုင်ရှင် စီယာဘိုးကရိပ်မိခဲ့ပြီး တရားစွဲခဲ့တာကြောင့် ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်နေ့ကဥထိုင်ဌာနီခရိုင် ခေါင်းဘန်ကရက်နယ်မြေရဲစခန်းမှာ လက်ဝှေ့သမားကထွက်ဆိုချက်သွားရောက်ပေးခဲ့ပါတယ်။

လုပ်ပွဲထိုးသတ်ဖို့အတွက် လူတစ်ဦးက ဖားဝမ်မိုင်ကို ဘတ် ၅သိန်းဖြင့်ကမ်းလှမ်းခဲ့ပြီး မထိုးခင်မှာ ဘတ် ၃ သောင်းချထားပြီး ကျန်ရှိတဲ့ငွေတွေကို ပွဲပြီးတဲ့အခါပေးချေမယ်လို့သဘောတူထားကြောင်း ဖားဝမ်းမိုင်ကဝန်ခံခဲ့တယ်လို့ စီယာဘိုးကလိုက်ဖ်လွှင့်ပြီး ချပြခဲ့ပါတယ်။ ဒါ့အပြင်ကာယကံရှင်ကိုယ်တိုင်က အဆိုပါပွဲစဉ်မှာအရှုံးဖက်က ဘတ် ၁ သောင်းလောင်းကြေးထပ်ထားတာကလည်း ခိုင်လုံသက်သေဖြစ်တယ်လို့ စီယာဘိုးကဆိုပါတယ်။

လုပ်ပွဲထိုးသတ်ဖို့ငှားရမ်းခဲ့သူမှာ နခေါ်နာယွတ်ခရိုင်ကနာမည်ကြီးကျွဲခြံပိုင်ရှင်တစ်ဦးဖြစ်သူ စီယာအော် ဖြစ်တယ်လို့ ဖားဝမ်မိုင်ကထွက်ဆိုခဲ့သလို တရားဥပဒေအရထိထိရောက်ရောက်အရေးယူသွားမယ်လို့ အသက် ၃၄ နှစ်ရှိသူလက်ဝှေ့ကလပ်ပိုင်ရှင် စီယာဘိုးကဆိုပါတယ်။

တချိန်တည်းမှာ တရားစွဲဆိုဖို့အတွက် သက်သေအထောက်အထားအားလုံးစုစည်းထားပြီဖြစ်သလို ဒီကနေ့ကစလို့ လုပ်ပွဲထိုးသတ်ဖို့ငှားရမ်းသူတိုင်းကို ရန်သူအဖြစ်သတ်မှတ်ပြီးချေမှုန်းသွားမယ်လို့ စီယာဘိုးက ဆိုပါတယ်။

ဖားဝမ်မိုင်ဟာ ဖစ်ယင်ဒီမွေထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ ထိုးနေစဉ်က လက်ဝှေ့လောင်းကြေးဆပ်ဖို့ငြင်းဆိုခဲ့တာကြောင့် လက်ဝှေ့လောင်းကစားဘုရင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးစီယာဘိုးရဲ့အကူအညီနဲ့လွတ်မြောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်မှာ ချော် ထိုင်စက်လက်ဝှေ့ကလပ်ကိုပြောင်းရွှေ့လာခဲ့ပြီး လုပ်ပွဲပြစ်မှုကိုထပ်မံကျူးလွန်ခဲ့တာဖြစ်ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS