26 April 2024

ခရီးသွားရှေ့ပြေးခရိုင် ၈ ခုတွင် ည ၉ နာရီအထိသာ ဆိုင်တွင်အရက်ဘီယာထိုင်သောက်ခွင့်ပြုသည်ဟုထိုင်းအစိုးရ ထုတ်ပြန်။

 

မြို့တော်ဗန်ကောက်၊ ကန်ကျနဘူရီ၊ ကရာဘီ၊ ချွန်ဘူရီ၊ နွန်ထဘူရီ၊ ပထုမ်ဌာနီ၊ ဖန်ငါ၊ ဖူကက်စသည့်ခရီးသွားရှေ့ပြေးခရိုင် ၈ ခုတွင် ည ၉နာရီအထိသာ ဆိုင်တွင်အရက်ဘီယာထိုင်သောက်ခွင့်ပြုသည်ဟု ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေ စီမံအုပ်ချုပ်ရေးဗဟိုဌာန (CCSA) က ယနေ့ နေ့လယ်ပိုင်းတွင်အတည်ပြုထုတ်ပြန်သည်။

 

သို့သော် SHA+ သို့မဟုတ် Thai Stop Covid 2 Plus ထောက်ခံချက်ရရှိထားသည့်ဆိုင်ဖြစ်ရမည်ဟုသတ်မှတ်ထားပြီး အဆိုပါဆိုင်များသည် လာမည့် ဇန်နဝါရီ ၁၅ ရက်နေ့မတိုင်မီ သက်တမ်းတိုးထားရမည်ဟု ဖော်ပြထားသည်။

 

အထက်ပါ ခရိုင် ၈ ခုတွင်မပါဝင်သောခရိုင်အားလုံးကို ထိန်းချုပ်ဇုန် (လိမ္မော်ရောင်) အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည်ဟု သိရသည်။

 

တချိန်တည်းတွင် လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့အထိအိမ်မှာနေ၍အလုပ်လုပ်ရန် (Work From Home) တိုးမြှင့်သတ်မှတ်ထားသည်။

 

ထို့ပြင် ဘား၊ နှုက်ကလပ်၊ ကာရာအိုကေ စသည့်ဖျော်ဖြေရေးလုပ်ငန်းများနှင့်သဘောတရားခြင်းဆင်တူသောလုပ်ငန်းများကို စားသောက်ဆိုင်ပုံစံဖွင့်လှစ်ရန်သတ်မှတ်ထားပြီး ခရိုင်ကူးစက်ရောဂါကော်မတီထံခွင့်ပြုချက်ရယူရမည်ဟု ဖော်ပြထားသည်။

 

ယင်ထုတ်ပြန်ချက်အားလုံးကို လာမည့် ဇန်နဝါရီ ၉ ရက်နေ့တွင် စတင်အသက်ဝင်စေသည်ဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS