26 April 2024

ဒီကနေ့မနက် (၂၀၂၁ ဒီဇင်ဘာလ ၇ ရက်) ထိုင်းနိုင်ငံကြက်ခြေနီအသင်းအမှတ် ၁၁ မှာ ကာကွယ်ဆေးသွားရောက် ထိုးနှံခြင်းခံယူခဲ့ကြတဲ့ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ အမေရိကန်ထုတ် moderna ကာကွယ်ဆေးထိုးနှံခွင့်ရခဲ့ တယ်လို့ သိရပါတယ်။

 

ထပ်မံပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ထိုင်းကို တရားမဝင်ဝင်ရောက်ခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ဒုတိယဒို့စ်ကို ထိုင်းနိုင်ငံမှာ ထိုးနှံခွင့်ရရန် ထိုင်းနိုင်ငံကြက်ခြေနီအသင်း ၊ ရတ်ထိုင်းဖောင်ဒေးရှင်းကတာဝန်ခံ Chuvong Seangkong နှင့် ရွှေ့ပြောင်းလုပ်သားတွေကို ကူညီရန်ထိုင်းအစိုးရက တရားဝင်ဖွဲ့စည်းပေးထားတဲ့ ဘန်ခွန်ထီယန်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

 

 

“ကျွန်တော်တို့ဒီနေ့ တရားမဝင်လမ်းက ဝင်ရောက်လာကြပြီး ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် မထိုးကြရသေးတဲ့သူတွေ ဒုတိယအကြိမ်ကာကွယ်ဆေးကို ထိုင်းနိုင်ငံမှာ ထိုးနှံခွင့်ရရှိရန် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ထိုင်းကိုရောက်လို့ အလုပ်ခွင်ထဲ အလုပ်ဝင်ရောက်လုပ်ကိုင်ဖို့က ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားတွေလိုလာပါတယ်။ အဲဒီမှာ အဓိကပြဿနာက မြန်မာနိုင်ငံကထိုးလာတဲ့ ပထမဒို့စ် စာရွက်နဲ့လည်း ဆေးရုံတွေမှာ ဒုတိယအကြိမ်သွားထိုးလို့ မရပြန်ပါဘူး။

ကျွန်တော်တို့ စီစဉ်ပြီး ကြက်ခြေနီအသင်းတွေမှာထိုးနှံပေးနေတဲ့ ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်း အစီအစဉ်တွေမှာလည်း ဝင်ရောက်ထိုးနှံဖို့ ကာကွယ်ဆေး ထိုးထားပြီးပြီဖြစ်တဲ့သူတွေဖြစ်လို့ ထိုးလို့မရဘူးပေါ့နော်။ အဲဒီလိုလုပ်သားအုပ်စုအတွက် ဒုတိယဒို့စ်ထိုးနှံခွင့်ရရန် ကြက်ခြေနီ အသင်းမှာဆွေးနွေးဖြစ်ခဲ့တာပါ။

ဒီလိုပထမအကြိမ်မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးထားပြီးပြီဖြစ်တဲ့အုပ်စုအတွက် ဒုတိယဒို့စ်ထိုးနှံခွင့်ရအောင် ကျွန်တော်တို့ ဆက်လက်ပြီး စာရင်းပြုစုလုပ်ဆောင်သွားမှာပါ” လို့ ဘန်ခွန်ထီယန်ကျန်းမာရေးဌာန က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုအောင်ဇင်ဖြိုးက Myanmar Live ကို ပြောပါတယ်။

 

 

ရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးနှံခွင့်ရရန် ထိုင်းနိုင်ငံကြက်ခြေနီအသင်းက အောက်တိုဘာလ အစောပိုင်းကတည်းက ထိုင်းအစိုးရက တရားဝင်ဖွဲ့စည်းပေးထားတဲ့ မြို့နယ်အသီးသီးက ရွှေ့ပြောင်းလုပ်သား ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

 

ထိုင်းကြက်ခြေနီအသင်းကကြီးမှုးဆောင်ရွက်တဲ့ ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းအစီအစဉ်မှာ ရွှေ့ပြောင်းလုပ်သား ၁၀,၀၀၀ ကျော် ကာကွယ်ဆေးထိုးနှံခွင့်ရပြီး ခဲ့ပြီလို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS