3 May 2024

ကရင်နီ(ကယား) ပြည်နယ်မှထွက်ခွာလာသောစစ်ဘေးရှောင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ခွင့်မပေးဘဲ အဆမတန်ငွေကြေးကောက်ခံနေ။

 

ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်အပါအဝင် မြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက တောင်ကြီးဝင်ခွင့်မပေးဘဲ အမျိုးမျိုး နှောင့်ယှက်လျက်ရှိပြီး လွိုင်ကော်-တောင်ကြီး လမ်းတလျှောက်တွင် ငွေကြေးအဆမတန်တောင်းခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်ဟုခေတ်သစ်မီဒီယာသတင်းဌာနမှ ဖော်ပြထားသည်။

 

ဇန်နဝါရီလ ၈ ရက်နေ့တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မှ စစ်ဘေးရှောင်ပြည်သူ မြောက်မြားစွာ ထွက်ခွာလာကြပြီး နံနက်ပိုင်း စစ်တပ်က ခရီးသည်တင်ကားများကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် စစ်ဘေးရှောင် ပြည်သူများကို ထွက်ခွာခွင့်ပေးခဲ့သော်လည်း လမ်းတစ်လျှောက် ငွေကြေးတောင်းခံမှု များပြုလုပ်ခဲ့ကြောင်း၊ ယနေ့ ညပိုင်းတွင် တောင်ကြီးမြို့အဝင် ၄ မိုင်ဂိတ်တွင် စစ်ဘေးရှောင်များကို မြို့ထဲ ဝင်ခွင့်မပေးသည့်အပြင် နောက်ပြန်လှည့်ခွင့်လည်းမပေးကြောင်း ဖော်ပြထားသည်။

 

“ဟိုပုံးကနေတောင်ကြီးအဝင်၄မိုင်ဂိတ်မရောက်ခင်ပအိုဝ့်မတောင်မှာ ပိတ်မိနေတာ။ ဝင်လို့လည်းမရ နောက်ဆုတ်လို့လည်းမရဖြစ်တာ။ အခုတော့ စစ်ဘေးရှောင်တွေအတွက် တောင်ကြီး၄မိုင်ဂိတ်မှာ ခရိုင်ကြက်ခြေနီမှုးနဲ့တောင်ကြီးခရိုင်ထွေအုပ်အဖွဲ့က နေရာချထားပေးဖို့ လုပ်နေတယ်ပြောတယ်။ စိတ်တော့မချရဘူး။ စစ်ကောင်စီလူတွေဆိုတော့ ။ လမ်းတစ်လျှောက် ထုံဖိုအတက်မှာတော့ အသေစစ်တယ်။ လူများပစ္စည်းများရင် ပိုဆိုးတယ်။ ထီးစဲခါးဂိတ်မှာစစ်ပါတယ်။လူစာရင်းပေးရတယ်။ ကားနံပါတ်ပေးရတယ်၊ ရန်ပုံငွေထည့်ရတယ်။လက်ရှိရောက်လာတဲ့သူတွေပြောပြတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

 

အလားတူ တောင်ကြီးမြို့၊ အေးသာယာမြို့သစ်တွင် ယခု ၈ နာရီ ၅၀ မိနစ်အချိန်မှစ၍ လွိုင်ကော်မှ လာ သော ဧည့်သည်များရှိပါကအမြန်ဆုံးသတင်းပေးကြရန် စစ်ကောင်စီက အော်လံများဖြင့် လိုက်အော်နေ ကြောင်း ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS