28 April 2024

ထိုင်းကို ၃ နိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေ MoU စနစ်နဲ့ပေးဝင်နိုင်ဖို့ ၂၀၂၂ အစပိုင်းကတည်းက သဘောတူထားတာတွေရှိပါတယ်။ ကမ္ဘောဒီးယားလုပ်သားတွေက ထိုင်းကို MoU စနစ်နဲ့ ၃ ကြိမ်ဝင်ရောက်လာခဲ့ပါပြီ။ လာအိုလုပ်သားကတော့ လွန်ခဲ့တဲ့တစ်ပတ်လောက်က လုပ်သား ၂၀၀ ကျော်ဝင်ရောက်လာခဲ့ပါတယ်။

မြန်မာလုပ်သားတွေကတော့ ဧပြီလ အလယ်ပိုင်းလောက်မှာ ထိုင်းကို ဝင်ရောက်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒါကလဲ ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးလမ်းဖွင့်ပေးမှ ဝင်ရောက်လာခွင့်ရမှာပါ။ အဲဒီ ကော့ကရိတ်-မြဝတီတောင်ကြားလမ်းကို ကေအမ်ယူဘက်က ယာယီပိတ်ထားပြီး မည်သည့်ယာဥ်မှ သွားလာခွင့်မပေးတဲ့အကြောင်းကို မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ထိုင်းမှာလဲ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို တစ်ပတ်ကို ၁,၀၀၀ နီးပါးလောက်ဖမ်းမိတဲ့သတင်းတွေလဲ တွေ့ရတယ်။ ရွှေ့ပြောင်းလုပ်သားတွေရဲ့အရေးကို ထိထိရောက်ရောက်ကူညီဖြေရှင်းပေးနိုင်မယ့် အဖွဲ့အစည်းတွေမရှိသေးရင်အလုပ်သမားတွေ ဒီထက်ဆိုးတဲ့အခွင့်အရေးချိုးဖောက်မှု ခံရနိုင်တယ်လို့ အလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင် က ပြောပါတယ်။

၂၀၂၀၊ မတ်လ မှာ မဲဆောက်-မြဝတီ တံတားပိတ်တော့ ​ မြန်မာအလုပ်သမားစေလွှတ်တဲ့ MOU စနစ် ရပ်ဆိုင်းခဲ့ရတယ်။ အဲဒီအချိန်မှာ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားတွေ အလုပ်ခေါ်စာတင်ထားတဲ့ အလုပ်သမားတွေ ဝန်ဆောင်ခပေးသွင်းထားတဲ့ အလုပ်သမား စုစုပေါင်း ၆၀,၀၀၀ ကျော်လောက်ရှိတယ်။ ထိုင်းနိုင်ငံကို မစေလွှတ်နိုင်ခဲ့လို့ မြန်မာအလုပ်သမားတွေ မြန်မာအေဂျင်စီတွေကို ပေးသွင်းထားတဲ့ ဝန်ဆောင်ခတွေ ဆုံရှုံးသွားတယ်။ အဲဒီအချိန်က စာချုပ်ချုပ်ထားတဲ့ အလုပ်သမားက ၁၀,၀၀၀ လောက်က ဆုံးရှုံးနစ်နာသွားတယ်။ ခုတော့ MoU စျေးတွေလဲ မြင့်လာတယ်။ ထိုင်းဘက်က ဗီဇာနဲ့ဝါ့ပါမစ်စျေးတွေလဲ သိသိသာသာ မြင့်တက်လာတာတွေ့တယ်လို့ သံအရာရှိဟောင်း ဦးဝေလင်းမောင် ကဆိုပါတယ်။

ထိုင်းကိုဝင်ခွင့်ရဖို့ အလုပ်သမားတချို့မှာ အိမ်ရောင်းတဲ့သူကရောင်း၊ အတိုးကြီးစွာနဲ့ ငွေချေးငှားပြီး ဝန်ဆောင်ခတွေ ပေးတဲ့သူကလဲ ပေးနေပြီ၊ ဒီနေ့အထိ ထိုင်းကိုဝင်လို့ရမယ့်ရက်တွေ ရေရေရာရာမသိရသေးဘူးလို့ သံအရာရှိဟောင်း ဦးဝေလင်းမောင် ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံကိုမြဝတီကနေ စေလွှတ်မယ်ဆိုရင်တော့လက်ရှိ အာရှလမ်းမကြီးမှာ အချိန်မရွေး တိုက်ပွဲ​တွေဖြစ်ပေါ်နိုင်ပြီး ခရီးသည်ကားတွေ ကုန်ကားတွေ မီးရှို့ခံနေရတာကို လူတိုင်းမြင်နေကြတာပါ။ ထိုင်းကိုသွားဖို့ အလုပ်သမားတွေခေါ်လာရင် သူတို့ရဲ့ လုံခြုံရေးအရ ဘယ်သူတာဝန်ယူမှာလဲ ဘယ်သူတာဝန်ခံမှာလဲဟု သံအရာရှိဟောင်း ဦးဝေလင်းမောင်ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာကလဲ ခုလိုဖော်ပြထားပါတယ်။

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS