26 April 2024

နိုင်ငံရေးမငြိမ်မသက်မှုကြောင့် အလုပ်အကိုင်တွေရှားပါးလာပြီး၊ စားဝတ်နေရေးအကျပ်အတည်းတွေကိုဖြေရှင်းဖို့ ထိုင်းကိုငွေအမြောက်အများပေးကာ အလုပ်အကိုင်ရဖို့လာရာကနေမြန်မာနိုင်ငံသားများမှာ နေ့တိုင်းရာနဲ့ချီ အဖမ်းခံနေကြရပြီး ထိုင်းအာဏာပိုင်များရဲ့ပြန်ပို့ခြင်းကိုခံနေရပါတယ်။

ထိုင်းနဲ့နီးစပ်တဲ့နယ်စပ်တွေက မြန်မာနိုင်ငံကလွဲရင် အခြားသောနိုင်ငံများက ဝင်-ထွက် သွားလာလို့ရပေမယ့်၊ ထိုင်း-မြန်မာနယ်စပ်တွေကတော့ မြန်မာဘက်က ဝင်ခွင့်-ထွက်ခွင့်တွေ မပေးသေးတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ ထိုင်းရောက်နေတဲ့မြန်မာတွေကမျှော်နေသလို၊ ကိုဗစ်မတိုင်ခင်ကတည်းကပြန်တဲ့ မြန်မာတွေလဲ ထိုင်းကိုပြန်ဝင်ဖို့ အနှစ်နှစ်အလလစောင့်နေကြပါတယ်။

ကိုဗစ်၁၉ ကူးစက်နေတဲ့ကာလမှာ ထိုင်းကရွှေ့ပြောင်းလုပ်သားတွေ အသွားအလာကန့်သတ်ထားတာကြောင့် နယ်စပ်ဖွင့်ရင် မိသားစုများထံ အလည်ပြန်ချင်ကြသူတွေများစွာရှိနေပါတယ်။

ထိုင်းဘက်ကနယ်စပ်ဂိတ်တွေဖွင့်ပေးပေမယ့် မြန်မာဘက်ကမဖွင့်သေးတော့ နယ်စပ်ဂိတ်တွေကပိတ်ထားဆဲဖြစ်ပါတယ်။ အသေအချာမရှိတဲ့နယ်စပ်ဖွင့်ပေးမယ့်ကိစ္စကိုမစောင့်နိုင်ကြတော့လို့ ထိုင်းမှာအလုပ်တစ်ခုရဖို့ ပွဲစားကိုငွေတွေအမြောက်အများပုံပေးကားခိုးလမ်းကနေတက်လာကြပါတယ်။

တရားမဝင်လာတဲ့သူတွေကို ဖမ်းဆီးဖို့ထိုင်းဘက်က နယ်စပ်တောလမ်းခရီးတွေကို ၂၄ နာရီစောင့်ကြည့် ကင်းလှည့်နေကြသလို ထိုင်းနိုင်ငံရဲ့အတွင်းပိုင်းမှာလဲ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်တဲ့ အလုပ်သမားအဆောင်တွေ၊ လူနေတိုက်ခန်းတွေ၊ အလုပ်သမားတန်းလျားနဲ့ လုပ်ငန်းခွင်တွေပါမကျန် ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အဖမ်းခံပြန်ပို့ခံရသူတွေရှိနေပါတယ်။

မေလ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်မှာ အလုပ်ရဖို့ ကျပ် ၁၃ ​သိန်း​ကျော်ကုန်ကျပြီး၊ ကွန်တိန်နာကားကြီးဖြင့် ထိုင်းကိုတရားမဝင်လာတဲ့ မြန်မာ ၇၂ ​ယောက်ကို ကားသမားနဲ့အတူအဖမ်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံ လန်းပွန်းခရိုင် မဲ့ထာ့ရဲစခန်းက ဖမ်းဆီးလိုက်တာပါ၊ ကွန်တိန်နာကားသမားက မြန်မာ ၇၀ ​​​ကျော်ကိုပို့​​​​ပေးဖို့ သူ့ကို ၃ ​သောင်းဘတ်ဖြင့်ငှားတယ်လို့ တာဝန်ရှိသူ​တွေကို​​ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာ ၇၂ ​ယောက်မှာ လူကြီး ၆၈ ​ယောက်နဲ့ က​လေး ၄ ​ယောက်ပါတယ်လို့သိရပါတယ်။ အဖမ်းခံရတဲ့ မြန်မာ​တွေထဲမှာ ထိုင်းစကား​ပြောနိုင်သူတစ်​ယောက်က “ကျ​နော်ထိုင်းကို တရားမဝင် သွားလာတာ ၃-၄ ကြိမ်​လောက်ရှိပါပြီး၊ ပွဲစားကို ၂ ​သောင်း ၃ ​​သောင်း​ပေးရတယ်” လို့​ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်များတွင် အလုပ်သမား လိုအပ်ချက်များစွာရှိနေတဲ့အတွက် မြန်မာရွှေ့ပြောင်း လုပ်သားများ လူတစ်ဦးလျှင် ဘန်ကောက်အလုပ်နေရာအရောက် ဘတ်ငွေ ၂၃,၀၀၀ ထောင် မှ ၃၀,၀၀၀ သောင်းအထိ ငွေပေးရပြီး သွားရောက်လုပ်ကိုင်ဖို့ တရားမ၀င်လမ်းကြောင်းကနေ သွားနေကြတာဖြစ်ပါတယ်။

Andrew (ဇွဲကပင်မြေ)

ဓါတ်ပုံ – Tak Immigration

SHARE THIS NEWS

OTHER NEWS