3 May 2024

ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံ ဆုန်ခရာခရိုင် ဟတ်ယိုင်မြို့နယ် Thung Lung ရဲစခန်းထံ တောထဲမှာ မြှုပ်နှံထားတဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ မြေမြှုပ်ထားတဲ့နေရာကဂေါက်ကွင်းနဲ့နီးတယ်ဟု သတင်းပေးပို့လာလို့ ထိုင်းအာဏာပိုင်နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ သွားရောက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာက မြေတူးထားတဲ့ လက်ရာတွေကအသစ်ဖြစ်နေတယ်။ တွင်းဘေးနားမှာလဲ သွေးတွေပေကျန်နေတာတွေတွေ့ရတယ်လို့ သိရပါတယ်။ ရောက်လာတဲ့ ကယ်ဆယ်ရေးသမားတွေက တူးဖော်လိုက်တော့ အနက် ၅၀ စင်တီမီတာခန့်မှာမောက်လျက်အနေထားဖြင့် သေဆုံးနေတဲ့အလောင်းကိုတွေ့သွားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးတဝိုက်မှာရှိတဲ့ ရေကန်ထဲမှာလဲ သေဆုံးနေသူရဲ့ ဆိုင်ကယ်ကိုရေကန်ထဲကိုပစ်ချသွားပါတယ်။ အလောင်းနဲ့ ၃၀၀ စင်တီမီတာအကွာခန့်မှာလဲ အပြန်အလှန်တိုက်ခိုက်ထားတဲ့ခြေရာတွေ တွေ့ရပါတယ်။ အဲဒီနီးနားတဝိုက်မှာလဲ တရားမဝင်လုပ်သားတွေ ပုန်းနေတဲ့နေရာလို့ ထင်ရတဲ့အသုံးအဆောင်နဲ့ အိပ်ရာခင်းတွေလဲ တွေ့ရပြီး၊ ဒီနေရာကနေ ရှောင်ထွက်သွားတာ သိပ်မကြာသေးတဲ့ခြေရာတွေလဲ တွေ့နေရပါတယ်။

သေဆုံးနေသူဟာလျှပ်စစ်ဝန်ထမ်းတစ်ဦးပါ၊ သူ့ကိုကြိုးတုပ်ပါးစပ်ကိုပိတ်ဆို့ထားကာသတ်သွားပြီနောက် မြေမြှုပ်အလောင်းဖျောက်ထားကာ သံသယရှိတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေကရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

ထိုနောက်မှာတော့ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ဖို့ နယ်စပ်ဖြတ်ကျော်လာပြီး အနီးဝန်းကျင်မှာရှိတဲ့ တောအုပ်တစ်ခုမှာ ပုန်းအောင်းနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးနဲ့ ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖလုကျေးရွာမှာရှိတဲ့ အငှားအိမ် ၁၂လုံးထဲက နှစ်လုံးထဲမှာ ပြည့်ကြပ်စွာထားရှိထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။

အခင်းမဖြစ်ခင်က တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးမှာ ပွဲစားမှတဆင့် ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ရှိ ဂေါက်ကွင်းအနီးနားမှာ နေ့လည် ၁၁ နာရီခန့် ရောက်ရှိခဲ့ကြပါတယ်။ ပွဲစားက “ညမိုးချုပ်ချိန်မှ နေရာပြောင်းပေးမယ်။ အခုလောလောဆယ် ဒီတောထဲမှာ အနားယူကြပါ”လို့ပြောခဲ့ပြီး အလုပ်သမား ၁၀၀ ကျော် အနားယူနေချိန် သေဆုံးသူ (ထိုင်းနိုင်ငံသား) အမျိုးသားအသက် ၄၀ ခန့်က အလုပ်သမားတွေရှိတဲ့နေရာကိုရောက်လာပြီး၊ တောထဲမှာအနားယူနေကြတဲ့ အလုပ်သမားတွေက ပွဲစားလာခေါ်တယ်ထင်ပြီး အမျိုးသမီးတွေကလိုက်ပါရန် ပြင်ဆင်နေချိန်မှာ အိပ်ပျော်နေကြတဲ့ အမျိုးသားတွေ နိုးလာတာကို အဆိုပါထိုင်းအမျိုးသားကမြင်တော့ ကြောက်ရွံ့ပြီး အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းထားလိုက်တယ်လို့ အလုပ်သမားသံအရာရှိရုံးရဲ့ဖေ့ဘွတ်စာမျက်နှာကဖော်ပြထားပါတယ်။

အလုပ်သမားအုပ်စုထဲက ထိုင်းစကားအနည်းငယ်နားလည်သူက ညှိနှိုင်းခဲ့ရာ ထိုင်းနိုင်ငံသားဖြစ်သူက ငွေတောင်းသဖြင့် ပါလာတဲ့ထိုင်းဘတ်ငွေတချို့ကိုပေးခဲ့ပေမယ့် ထိုင်းအမျိုးသားက ဖမ်းထားတဲ့ဓားစာခံကိုလွှတ်မပေးဘဲ အဲဒီနေရာက ထွက်ခွာရန် ကြိုးစားခဲ့ပါတယ်။

အဲဒီနောက် ထိုင်းအမျိုးသားမှာ ပါလာတဲ့သေနတ်ကိုထုတ်နေစဉ် အဖမ်းခံထားရတဲ့ အမျိုးသမီးဖြစ်သူက ကိုယ်လွတ်ရုန်းထွက်ပြေးသွားပြီနောက် အလုပ်သမားအုပ်စုထဲက တစ်ယောက်က ကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ပြီး ထိုင်းအမျိုးသားမှာ အဲဒီနေရာမှာပဲ မူးဝေသွားခဲ့ပါတယ်။ ထိုင်းအမျိုးသားမှာ သေပြီထင်လို့ အလောင်းကိုမြုပ်ထားလိုက်တယ်လို့ ဖော်ပြချက်အရသိရပါတယ်။

ထိုင်းအာဏာပိုင်များက အမှုစစ်ဆေးချိန်တွင် ကျောက်ခဲဖြင့် ပစ်သူ မည်သူဖြစ်ကြောင်း တစ်ဦးမျှ ဝန်ခံခဲ့ခြင်း မရှိသောကြောင့် ဆက်လက်စစ်ဆေးမှုတွေဆောင်ရွက်နေပါတယ်။ နောက်ပြီးတူးဖော်တွေ့ရှိတဲ့အလောင်းမှာ လက်တွေကိုကြိုးချည်ခံထားရတဲ့အပြင် ပါးစပ်လဲပိတ်ချည်ခံထားရတယ်လို့ ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ မျက်မြင်သက်သေခံတစ်ဉီးက အာဏာပိုင်ကို ပြောကြားချက်အရ အဖမ်းခံရသူ ၁၀၉ ဉီးထဲမှာလည်း အမှုနဲ့ ပတ်သက်နေသူအချို့ ပါ‌ဝင်နေတယ်လို့ပြောဆိုထားတာကြောင့် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခံရတဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူအားလုံးကို တစ်ဉီးချင်းစီ စစ်ဆေးမြေန်းတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ တရားမဝင် ၁၀၀ ကျော်မှာ ၉ ဦးမှာတော့ သံသယဖြစ်စရာတွေ တွေ့ရတယ်လို့လည်း သိရပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS