20 December 2024

အောက်တိုဘာ ၆ ရက်၊ ၂၀၂၂

နိုင်ငံ့အာဏာကိုသိမ်းပိုက်ထားပြီးရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စစ်ကောင် စီရဲ့ အစီအစဥ်ဟာ နိုင်ငံရေးအဖြေတစ်ခု မဟုတ်ဘဲ စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတယ်လို့ နိုင်ငံတကာက ထင်ယောင်ထင် မှား ဖြစ်ကာ အာဏာရှင်သက်တမ်းရှည်ကြာစေဖို့ နည်းလမ်း တစ်ခုအဖြစ် ရွေးကောက်ပွဲကိုကျင်းပဖို့ ကြိုးပမ်းနေတာလို့ ဒီမိုကရေစီအရေးလုပ်ဆောင်နေသူတွေက သံလွင်တိုင်းမ်ကို သုံးသပ်ပြောဆိုလိုက်ပါတယ်။

“ရွေးကောက်ပွဲက စစ်ရေးနဲ့ လုံခြုံရေးအရ သူတို့အနေနဲ့ အကန့်အသတ်ရှိတဲ့ အာမခံ ချက်ပေးနိုင်တဲ့ နေရာတွေမှာတော့ မဖြစ်ဖြစ်အောင်ကျင်းပပါလိမ့်မယ်။ သူတို့က ဒီမိုကရေစီလမ်းကြေင်းအတိုင်းဆက်လျှောက်မယ်။ ဒီမိုကရေစီ အဆောက် အုံတွေ ပြန်တည်ဆောက်မယ်။ အဲဒီကတစ်ဆင့် စစ်ကောင်စီရဲ့ စစ်အာဏာရှင်တွေ မြန်မာပြည်ကို ရာသက်ပန်စိုးမိုးရေးအတွက် သူတို့က ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ် နိုင်ဖို့အတွက်သူတို့ကကမ္ဘာကိုဒီမိုကရေစီလမ်းကြောင်းအတိုင်း ပြန်လျှောက် ဖို့ စစ်ကောင်စီကကြိုးပမ်းမှုတွေလုပ်နေတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ လှုပ်ရှားမှု တွေ လုပ်နေတာဖြစ်တယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ရွေးကောက်ပွဲဟာ အဘက်ဘက်က ကျပ်တည်းလာတဲ့ စစ်ကောင်စီ အတွက် ညင်သာတဲ့ထွက်ပေါက်တစ်ခုဖြစ်နေတာကြောင့်ရတဲ့နည်းတဲ့မဖြစ်မနေအကောင်အထည် ဖော်ဖို့ကြိုးစားလာနိုင်သလို ကြားဖြတ် အစိုးရ ဖွဲ့စည်းဖို့လုပ်ဆောင်လာနိုင်တယ် လို့လည်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။

“သူတို့ရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအဖြစ်မဖြစ်မနေ ကျင်းပရလိမ့်မယ်။ မကျင်းပရင် နောက်ထပ်လေးလအတွင်းမှာ ကြားဖြတ်ဖွဲ့ပြီးတော့ အာဏာသိမ်း ရင်လည်းသိမ်း မယ်။ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ပြောရရင် ရွေးကောက်ပွဲလမ်းကိုလည်း သူတို့ရွေးရင်ရွေးရလိမ့်မယ်။”လို့ မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူတစ်ဦးကဆိုပါတယ်။

ရွေးကောက်ပွဲဥပဒေအရ မြန်မာနိုင်ငံအတွင်းမှာ မဲဆန္ဒနယ်စုစုပေါင်း ၃၃၀ ရှိတဲ့အနက် အကုန်လုံးမပါဝင်သော်လည်း မဲဆန္ဒနယ်အများစုပါဝင်ပါက ရွေးကောက်ပွဲ ကျင်းပ နိုင်တယ် လို့သတ်မှတ်ထားတာကြောင့် စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ စိုးမိုးထိန်းချုပ် နယ်မြေမဟုတ်တဲ့ တချို့သော‌မဲဆန္ဒနယ်တွေကိုချန်လှပ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အားသာနေတာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲဥပဒေရဲ့ အားနည်းချက်တွေကို အသုံးချကာ ရွေးကောက်ပွဲအကောင်ထည်ပေါ်လာစေဖို့လုပ်ဆောင်နိုင်ခဲ့ရင်လည်း ဒါဟာ လွတ်လပ်ကျယ်ပြန့်ပြီး လူထုတစ်ရပ်လုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဘယ်နည်းနဲ့မှ တော့ ဖြစ်မလာနိုင်ဘူးလို့ အားလုံးက တစ်ညီတစ်ညွတ်တည်း သံလွင်တိုင်းမ်သို့ ပြောပါတယ်။

တချို့သောနိုင်ငံရေးပါတီတွေကတော့ လက်ရှိနိုင်ငံရဲ့စီးပွားရေး ချွတ်ခြုံကျ နေမှုတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြည်သူတွေက ယုံကြည်မှုရှိမနေ တာတွေကြောင့် ၂၀၀၈ ခြေ/ဥကို အခြေခံပြီး ကျင်းပမယ့် ရွေးကောက် ပွဲဟာ ဖြစ်မလာ နိုင်ဘူးလို့လည်း သုံးသပ်တာတွေရှိနေပါတယ်။

“စစ်ကောင်စီဘက်က ကျင်းပမယ်လို့ တာစူနေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံ ရေးအဖြေမဟုတ်ဘူးလို့ ယူဆတယ်။ပထမအချက်က စစ်ကောင်စီ ကိုယ်တိုင်က ပြသနာဖန်တီးတဲ့ အစုအဖွဲ့ဖြစ်တာ ကြောင့် သူ့အနေနဲ့ ဒိုင်လူ ကြီးသဘောမျိုး ရွေးကောက်ပွဲ လုပ်မယ်ဆိုတာက တရားမျှတမှုရှိမနေဘူး။ ဒုတိယတစ်ချက်က ခုကျင်းပမယ့်ရွေးကောက်ပွဲက ၂၀၀၈ အခြေခံဥပဒေအရ သွားနေတဲ့ လမ်းကြောင်းလို့ ကျွန်တော်တို့ ယူဆတယ်။ ၂၀၀၈ ခြေဥကိုကျော်လွန်ပြီး အာဏာရယူထားတဲ့အတွက် ကြောင့်မို့လို့ ၂၀၀၈ ခြေဥကို လူတွေက ကြိုက်မနေတော့ဘူး။ ၂၀၀၈အတိုင်း သွားရင် ဖက်ဒရယ်လည်းမရသလို ဒီမိုကရေစီလည်း စံနှုန်းမပြည့်ဘူး။အဲဒါ့ကြောင့် လူထုက မဲထည့်ပါ့မလား။ တတိယအချက်က နိုင်ငံတည် ငြိမ်အေးချမ်းမှုမရှိ စီးပွားရေးတွေ ကျဆင်းနေတယ်။တရားဥပဒေကင်းမဲ့နေတဲ့ ဒီအချိန်ကာလမှာ ရွေးကောက်ပွဲ ကျင်းပ တယ်ဆိုတာက ဖြစ်နိုင်စရာမရှိဘူးလို့ ကျွန်တော်သုံးသပ်တယ် ”လို့ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က သံလွင် တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့အတိအကျ ကြေညာခြင်း မရှိသေးပေမယ့် စက်တင်ဘာလ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရကရွေးကောက်ပွဲကျင်းပမယ်လို့ စောင်းပါးရိပ်ခြည်ပြောကြားခဲ့သလို ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစလို့ နေပြည်တော် လွှတ်တော်အနီးတဝိုက်နဲ့ အစိုးရရုံးတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတွေ လုပ်ဆောင်လို့လာနေပါတယ်။

ဓါတ်ပုံ – The Irrawaddy – Burmese Edition

SHARE THIS NEWS

OTHER NEWS