10 May 2024

နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၂၂

ယမနေ့မှစ၍ အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ စတင်နေပြီဖြစ်တဲ့အတွက် အစည်းဝေးရဲ့အနီးတဝိုက်မှာ အစောင့်ကြပ်တွေအပြည့်နဲ့ စောင့်ကြပ်နေပါတယ်။

၂၀၂၂ ရဲ့ (APEC) အစည်းအဝေးပွဲဟာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေ ပါဝင်တာကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ဆောင်ရွက်မှုတွေရှိနေတာပါ။

အစည်းဝေးကာလအတွင်း အထူးအစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး၊ ဗန်ကောက်နဲ့နီးနားခရိုင်ရှိ စာသင်ကျောင်းတွေလဲ ပိတ်ထားပေးရပါတယ်။ ဒီအစည်းဝေးကို ထိုင်းအစိုးရဘက်က အလွန်အလေးထားတဲ့ ပွဲလို့ ပြောလို့ရပါတယ်။

အဲဒီအတွက် ဗန်ကောက်ရှိ နိုင်ငံတကာလေဆိပ်ကနေ ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့တဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ရှိတယ်လို့ ထိုင်း လ.ဝ.က က နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ လေဆိပ်ကနေ ငြင်းပယ်ခံရသူတွေဟာ လ.ဝ.က စည်းကမ်းချက်နဲ့ မညီညွတ်သူတွေပါ။

APEC အစည်းဝေးကျင်းပတဲ့ နယ်မြေရှိ ရာ့ချ်ဒါးဖိဆစ်လမ်းနဲ့ ဒုန်ဖိထပ်လမ်းကို ပိတ်ထားသလို ကျောက်ဖရားမြစ် ရေကြောင်းလမ်းလည်း ပိတ်ထားပါတယ်။ ဗန်ကောက် အစိုလမ်းမ စွန်းစီထီကစ် မြေအောက်ရထားဂိတ်နဲ့ မီးပွိုင့်တော်တော်များများမှာ ရဲကင်းတွေ ထပ်တိုးထားပြီး အဝင်အထွက်လုပ်ရင်တောင် အစစ်ဆေးခံနေရပါတယ်။

ဒါ့အပြင် ဘန်ကောက်နယ်မြေတခုလုံး ဒရုန်းလွှတ်တင်မှုပိတ်ပင်ထားပြီး ထိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူတဲ့ APEC အစည်းအဝေး အောင်မြင်စွာပြီးဆုံးဖို့ ထိုင်းနိုင်ငံသားတိုင်း အိမ်ရှင်ကောင်းပီသစွာ ဝိုင်းဝန်းပူးပေါင်းဖို့ ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်မေတ္တာရပ်ခံထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ကိုးကား – ထိုင်းသတင်း

SHARE THIS NEWS

OTHER NEWS