28 April 2024

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကသတ်မှတ်ထားသည့်ပမာဏထက် ဆိုဒီယမ်ပမာဏမြင့်မားသည့်ခေါက်ဆွဲခြောက်ထုပ်များကို စားသုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတိုးခြင်း၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ဖြစ်နိုင်ဟု ထိုင်းကျန်းမာရေးဦးစီးဌာန သတိပေး။

နိုင်ငံခြားထုတ်ခေါက်ဆွဲခြောက်ထုပ်တစ်ခုတွင် ဆိုဒီယမ်ပါဝင်မှု ၂၆,၂၄၀ မီလီဂရမ်မြင့်မားသည့်သတင်း တစ်ခု အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီးနောက် ကမ္ဘာ့ကျန်းမာရေအဖွဲ့ချုပ်ကသတ်မှတ်ထားသည့်ပမာဏထပ် ဆိုဒီယမ်ပါဝင်နှုန်းမြင့်မားသော ခေါက်ဆွဲခြောက်ထုပ်များကို စားသုံးလျင် ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတိုးခြင်း၊ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း စသည့်ရောဂါများဖြစ်နိုင်ခြေကို မြင့်မားစေ၍ စားသုံး ခြင်းမပြုရန် ထိုင်းကျန်းမာရေးဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတိပေးထားသည်။

လူတစ်ဦးသည် တစ်နေ့လျင် ဆိုဒီယမ်ဓာတ်ကို ဆားလက်ဖက်ဇွန်း ၁ ဇွန်းနှင့်ညီမျှသည့် ၂၀၀၀ မီလီဂရမ် ထက်မပိုသောပမာဏသာစားသုံးပေးသင့်ပြီး ခေါက်ဆွဲခြောက်အထုပ်သေး ၁ ထုပ်ကိုအကုန်စားသုံးလျင် ဆိုဒီယမ် ၁,၄၀၀ မီလီဂရမ် မှ ၂,၆၀၀ မီလီဂရမ်အထိလက်ခံရရှိနိုင်ကာ အထုပ်ကြီးသည်နှင့်အမျှဆိုဒီယမ်ပါဝင်နှုန်းမြင့်မားစေသည်ဟု ဆိုသည်။

ဆိုဒီယမ်စားသုံးမှုမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်ထဲတွင် ဆားဓာတ်နှင့်ရေဓာတ်မြင့်တက်စေ၍ ကျန်းမာ ရေးကိုထိခိုက်နိုင်ပြီး ကိုယ်လက်ဖောရောင်ခြင်း၊ အမောမခံနိုင်ခြင်း၊ ရင်ဝကျပ်ခြင်း စသည့်ရောဂါများ ဖြစ်နိုင်သည်ဟု သတိပေးထားသည်။

ခန္ဓာကိုယ်က ဆိုဒီယမ်ဓာတ်များကို အချိန်မီစွန့်ထုတ်ခြင်းမပြုနိုင်လျင် ကိုယ်တွင်းဆိုဒီယမ်စုပုံမှုဖြစ်လာ စေပြီး သွေးတိုးရောဂါဖြစ်စေနိုင်သည်ဟု ဆိုသည်။ သွေးတိုးရောဂါခံစားရသည့်အခါ ပုံမှန်ထက် နှလုံး အလုပ်ပိုလုပ်ရ၍ နှလုံးကြီးခြင်းနှင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း စသည့်နောက်ဆက်တွဲရောဂါများ ကို ခံစားရနိုင်သည်ဟု ဆိုသည်။

ခေါက်ဆွဲခြောက်ထုပ်များတွင် ကစီဓာတ်၊ ပြည့်ဝအဆီ နှင့် ဆိုဒီယမ် အဓိကပါဝင်ခြင်းကြောင့် အမြဲလိုလိုစားသုံးခြင်းမပြုသင့်ကြောင်းသတိပေးထားပြီး အာဟာရဓာတ်ပြည့်ဝစေရန် အသား၊ ကြက်ဉ၊ အရွက်များ ထည့်စားပေးသင့်သည်ဟု အကြုံပြုထားသည်။

ခေါက်ဆွဲခြောက်ထုပ်အပြင် ငံပြာရည်၊ စိမ်းစားငါးပိ၊ ဆား၊ ဆော့စ်အမျိုးမျိုး၊ အသားမှုန့်ခဲ၊ အချဉ်ရည်၊ အချိုမှုန့်၊ ပွဆေး စသည့်စားသုံးကုန်များတွင်လည်း ဆိုဒီယမ်ဓာတ်မြင့်မားခြင်းကြောင့် ချင့်ချိန်စားသုံးသင့်သည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကသတ်မှတ်ထားချက်အရ လူတစ်ဉီးသည် တစ်နေ့လျင် ဆိုဒီယမ် ၂,၀၀၀ မီလီဂရမ်သာ စားသုံးသင့်ခြင်းကြောင့် တစ်နေ့လျင်ခေါက်ဆွဲခြောက်သုံးထုပ်စားသုံးသည့်သူများအတွက် ၁ ထုပ်လျင်ဆိုဒီယမ်ပါဝင်နှုန်း ၆၆၆ မီလီဂရမ် ထက်မပိုသောခေါက်ဆွဲခြောက်ထုပ်များကိုသာ ရွေးချယ် စားသုံးသင့်သည်ဟု အကြုံပြုထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS