ယေဘုယျအားဖြင့် ရံဖန်ရံခါချောင်းဆိုးခြင်းက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ရက်သတ္တပတ်များစွာ ချောင်းဆိုးနေပြီး ပိုမိုပြင်းထန် တဲ့လက္ခဏာများဖြစ်တဲ့ ချောင်းဆိုးရင်သွေးပါခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စတဲ့ လက္ခဏာတွေရှိနေပြီ ဆိုရင်တော့ အဆုတ်ကင်ဆာ၊ တီဘီ၊ အဆုတ်သွေးကြောပိတ်ခြင်း စတဲ့ ကျန်းမာရေးဝေဒနာတွေကို ခန္ဓာကိုယ်က ထုတ်ပြော နေခြင်းဖြစ်တာကြောင့် ဆရာဝန်ထံ အမြန်ဆုံးသွားပြဖို့လိုပါတယ်နော်။
ချောင်းဆိုးခြင်းလက္ခဏာနဲ့ကြာရှည်ချိန်ကိုကြည့်ပြီးအခုလိုသိနိုင်ပါတယ်။
– ချောင်းခြောက်ဆိုးခြင်း
အများသောအားဖြင့်ချောင်းခြောက်ဆိုးခြင်းက အဆုတ်ယားယံခြင်းကြောင့် ခန္ဓာကိုယ်ကလှုံ့ဆော်တာကတစ်ဆင့် သလိပ်မထွက်ဘဲ ချောင်းဆိုးခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတွေ တော်တော်များများက ချောင်းခြောက်ဆိုးပါတယ်။ (အခု ဖြစ်နေတဲ့ COVID-19ကလည်း ချောင်းခြောက်ဆိုးတာပါပဲ။ )
– သလိပ်ပြီးချောင်းဆိုးခြင်း
သလိပ်ပါတဲ့ချောင်းဆိုးခြင်းက အဆုတ်တွင်းပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ တုပ်ကွေး၊ နမိုးနီးယား ချောင်းဆိုးရင်ကျပ် နာတာရှည်လေပြွတ်ကျဉ်းရောဂါတွေက ခန္ဓာကိုယ်မှ အသက်ရှူလမ်းကြောင်းရှိ အညစ်အကြေးများကို စွန့်ပစ်ရန် သလိပ်နှင့်အတူ ချောင်းဆိုးချိန်ထုတ်လွှတ်လိုက်ခြင်းဖြစ်ပါတယ်။
– အသံဝင်ချောင်းဆိုးခြင်း
အသံဝင်ပြီးချောင်းဆိုးတာ ကလေးတွေမှာတွေ့ရလေ့ရှိပါတယ်။ လေပြွန်ရောင်ရမ်းတာကြောင့် ဖြစ်ပါတယ် အသံဝင်ချောင်းဆိုးတဲ့အခါ အသက်ရှူရခက်ခဲတာ လည်ချောင်းနာတာ အဖျားရှိတာ စတဲ လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်၊
– ညဘက်ခြောင်းဆိုးခြင်း
ညဘက်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာ ယားယံခြင်းဝေဒနာတွေပိုပြီးဖြစ်တတ်ပါတယ်။ ဒါကြောင့်နေ့ခင်းဘက်မှာ ချောင်းအနည်းငယ်ဆိုးတဲ့သူက ညဘက်မှာ ပြင်းထန်တဲ့ချောင်းဆိုးခြင်းဝေဒနာကိုခံစားရလေ့ရှိတာပါ။ အထူးသဖြင့် ပန်းနာရင်ကျပ်လူနာများမှာ ညဘက်ပိုပြီးချောင်းဆိုတာကိုတွေ့ရပါတယ်။
– ကြက်ညှာချောင်းဆိုးခြင်း
ကြက်ညှာချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်တဲ့ရောဂါပါ။ ကူးစက်ပျံ့နှံ့မှုနှုန်း အလွန်မြင့်ပါတယ်။ဘာလို့ကြက်ညှာချောင်းဆိုးလို့ ခေါ်ရသလဲဆိုရင်တော့ ချောင်းဆိုးတဲ့အသံဟာ စူးစူးအက်အက်ကြီးဖြစ်နေပြီး ကြက်တစ်ကောင်ရဲ့အသံနဲ့ အလားသဏ္ဍန် တူပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးထိုးဖို့ရန် အလွန်ငယ်သေးတဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။
ကြက်ညှာချောင်းဆိုးရောဂါကြောင့် သေဆုံးခြင်းရာခိုင်နှုန်းကတော့ နည်းပါတယ်။ သေဆုံးမှုဟာ (၁)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးကို လူတိုင်းထိုးထားဖို့ လိုအပ်တာပါ။