ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအထိ ခရိုင် ၂၉ ခုတွင် နိုင်ငံခြားရုပ်ရှင် ၇၄ ကားလာရောက်ရိုက်ကူးရာမှ ဘတ်သန်း ၃,၅၀၀ နီးပါးတင်ငွေရရှိဟု ထိုင်းအစိုးရ ဆို။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအထိ ထိုင်းနိုင်ငံ ခရိုင် ၂၉ ခုတွင် နိုင်ငံခြားရုပ်ရှင် ၇၄ ကားလာရောက်ရိုက်ကူးခဲ့ပြီး ဝင်ငွေ ဘတ်သန်း ၃,၅၀၀ နီးပါး (၃၄၆၀.၀၆) ရရှိခဲ့သည်ဟု ထိုင်းခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည်။
ထိုသို့လာရောက်ရိုက်ကူးရာတွင် မြို့တော်ဗန်ကောက်တွင် ၃၅ ကား၊ ဖူကက်တွင် ၁၀ ကား၊ စမွတ်ပရာကန်တွင် ၈ ကား၊ ပထုမ်ဌာနီတွင် ၆ ကား၊ ဖန်ငါတွင် ၅ ကား၊ လမ်းပန်း၊ စူရတ်ဌာနီ၊ နခေါ်နာယွတ်၊ စမွတ်ဆာခွန်၊ နခေါ်ရတ်ချစီးမာနှင့်ချင်းရိုင်တွင် ၃ ကားစီ အသီးသီးရိုက်ကူးခဲ့သည်ဟု ဖော်ပြထားသည်။
လာရောက်ရိုက်ကူးမှုတန်ဖိုးအများဆုံး ၅ နိုင်ငံတွင် အမေရိကန် ဘတ် ၂၅၁၁ သန်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဘတ် ၂၈၆ သန်း၊ စင်ကာပူ ဘတ် ၂၂၈ သန်း၊ ပြင်သစ် ဘတ် ၁၂၀ သန်း၊ တရုတ် ဘတ် ၈၅ သန်း အသီးသီးရပ်တည်နေသည်ဟု ရေးသားထားသည်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံခြားရိုက်ကူးရေးအဖွဲ့များကိုပိုမိုဆွဲဆောင်နိုင်ရန်အတွက် ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးသေနကဗျူဟာ တတိယကာလတို (၂၀၁၇-၂၀၂၁) ကို အရိုန်အဟုန်ဖြင့် အကောင်အထည် ဖော်ဆောင်နေသည်ဟု သိရသည်။
သတင်း ရွှေကရင် (ရာမညမြေ)