14 May 2024

ကိုဗစ်-၁၉ ဖိုက်ဇာကာကွယ်ဆေး ၃ ကြိမ်ထိုးနှံထားသော အစ္စရေးဆရာဝန်နှစ်ဦးတွင် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံရ။

 

အားဖြည့်ကာကွယ်ဆေးထိုးနှံထားသော အစ္စရေးဆရာဝန်နှစ်ဦးတွင် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်ခံထားရပြီး တစ်ဦးမှာ ပြီးခဲ့သည့်သတင်းပတ်က အစည်းအဝေးခရီးစဉ်တစ်ခုဖြင့်လန်ဒန်မှပြန်လာသူဖြစ်သည်ဟု အစ္စရေးရှီဘာကုသရေးဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနမှဖော်ပြထားသည်။

 

အဆိုပါ ဆရာဝန်နှစ်ဦးသည် ၃ ချောင်းမြောက် ဖိုက်ဇာအာဖြည့်ကာကွယ်ဆေးထိုးနှံထားသူများဖြစ်သည်ဟုဖော်ပြထားပြီး လတ်တလောတွင် ရောဂါလက္ခဏာအနည်းငယ်သာတွေ့ရှိရသည်ဟု ဆိုသည်။ အင်္ဂလန်မှပြန်လာသည့်ဆရာဝန်တစ်ဦးထံမှနောက်ထပ်ဆရာဝန်တစ်ဦးထံသို့ရောဂါကူးစက်ခြင်းဖြစ်နိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

 

ယင်းဆရာဝန်နှစ်ဦးအပြင် အစ္စရေးတွင် အိုမီခရွန်မျိုးကွဲကူးစက်ခံထားရသူ ၂ ဦးတွေ့ရှိထားပြီး တစ်ဦးမှာအက်စထရာ ဇေနေဂါကာကွယ်ဆေးထိုးနှံထားသည့် မာလဝီနိုင်ငံသားခရီးသွားဧည့်သည်ဖြစ်သည်ဟုဖော်ပြထားသည်။

 

အစ္စရေးနိုင်ငံတွင် အိုမီခရွန်မျိုးကွဲသစ်ကူးစက်ပျံ့နှံ့မှုကိုတားဆီးနိုင်ရန်အတွက် ပြီးခဲ့သည့်နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက နိုင်ငံခြားသားဝင်ရောက်မှုကို ၁၄ ရက် အလုံးစုံပိတ်ထားပြီး ပိုးကူးစက်နိုင်ခြေရှိ သူများကိုခြေရာခံနိုင်ရန်အတွက်အကြမ်းဖက်မှုတိုက်ဖျက်ရေးမိုဘိုင်းဖုန်းခြေရာခံနည်းပညာကို တကျော့ပြန်အသုံးပြုခဲ့သည်။

 

လတ်တလောထိုးနှံထားသည့်ကိုဗစ်ကာကွယ်ဆေးသည် အိုမီခရွန်မျိုးကွဲသစ်ကိုကာကွယ်နိုင်ခြင်းရှိမရှိလာမည့် ၁၄ ရက်အတွင်းပိုမိုထင်ရှားလာမည်ဟု အစ္စရေးအာဏာပိုင်များကမျှော်လင့်ထားသည်။ လူဦးရေ ၉.၄ သန်းရှိသောအစ္စရေးနိုင်ငံ၏ ပြည်သူ ၅၇% တွင်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားပြီဟု သိရသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

 

SHARE THIS NEWS

OTHER NEWS