ကမ္ဘာ့နေရာအတော်များများမှာ သန့်ရှင်းတဲ့ ရေချိုတွေ တစ်ဖြည်းဖြည်းရှားပါးစပြုလာပြီဆိုတာကို လက်ခံရမှာပါ။ ဒူဘိုင်းလို အလွန်ချမ်းသာတဲ့နိုင်ငံတွေမှာဆိုရင်သောက်သုံးရေရဖို့ ဧရာမ စက်ကြီးတွေတီထွင်ပြီး ရေငံကို ရေချိုအဖြစ်ပြောင်းလဲ ထုတ်လုပ် ကြပါတယ်။ ဒါဟာ ရေချိုရှားပါးမှာ ပြဿနာကို ကြုံရမှာမဟုတ်ဘူးလို့ ပြောနိုင်ပေမယ့် ရေချိုရဖို့ကို လျှပ်စစ်စွမ်းအင် တွေအမြောက်အများ အသုံးပြုထားရပါတယ်။
ဒီရေချိုရှားပါးတဲ့ ပြဿနာကို ပြေလည်အောင်အထောက်အကူပြုဖို့ ဂျာမနီနိုင်ငံ ဇူးရစ်မြို့က အင်ဂျင်နီယာတွေဟာ လျှပ်စစ်စွမ်းအင်လုံးဝမလိုဘဲ လေထုထဲကနေ ရေချိုထုတ်လုပ်ပေးနိုင်မယ့် ကိရိယာ တစ်ခုကို တည်ထွင်ခဲ့ပါတယ်။
ရေချိုထုတ်လုပ်တဲ့စက်ဟာ အဆန်းတော့မဟုတ်ပေမယ့် အခုတီထွင်ခဲ့တဲ့ ရေသန့်ထုတ်လုပ်စက်ဟာ လေထုထဲက သောက်ရေသန့်ကို ၂၄ နာရီ ထုတ်ယူနိုင်မယ့် နည်းစနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို အရင်က ညဘက်မှာသာအသုံးပြုနိုင်ပြီး ယခိဆိုရင် ပြင်ပလျှပ်စစ်စွမ်းအင်မလိုဘဲ ၂၄ နာရီ ရေသန့်ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ဟာ လျှပ်စစ်ဓာတ်အား ပုံမှန်မရတဲ့ နေရာဒေသတွေ အတွက် လွန်စွာမှ အသုံးဝင်မှာဖြစ်ပါတယ်။
ရေချိုထုတ်လုပ်တဲ့စက်ကို အထူးမှန်ချပ် ပိုလီမာနဲ့ ငွေသတ္တုတွေနဲ့ ရောစပ်ထားတဲ့ ဆေးတစ်မျိုးနဲ့ သုတ်လိမ်းထားပါတယ်။ ဒီဆေးက နေရောင်ကို ရောင်ပြန်ဟပ်ပေးခြင်းအားဖြင့် အတွင်းကို အပူမဝင်အောင် တားဆီးပေးတာပါ။ ရေချိုထုတ်လုပ်စက်ဟာ လေထုထဲမှာရှိတဲ့ အစိုဓာတ်ကို စုပ်ယူပြီး ရေချိုအဖြစ်ပြောင်းလဲ ထုတ်လုပ်ပေးမှာပါ။
ဒီကိရိယာကို လက်တွေ့ပြင်မှာမှာလဲ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသေးစား စမ်းသပ်မှုတစ်ခုမှာ ၁၀ စင်တီမီတာ အချင်းရှိတဲ့ မှန်တစ်ချပ် တပ်ဆင်ထားတဲ့ စံနစ် တစ်ခုဟာ တစ်ရက်ကို ရေ ၄.၆ မီလီလီတာ ထုတ်လုပ်ပေးနိုင်ပါတယ်။ အကယ်လို့များ ပတ်ဝန်းကျင် အခြေအနေတွေကောင်းမွန်တယ်ဆိုရင် ဒီကိရိယာကနေ တစ် စတုရန်းမီတာ အရွယ် မှန်ချပ် တစ်ချပ်ဟာ တစ်နာရီကို ရေ ၅၀၀ စီစီ အထိထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီစနစ်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချဖို့ အစီအစဉ်မရှိသေးပါဘူး။ နောက်အဆင့်တွေမှာ အခြားရေသန့်ထုတ်လုပ်စက်တွေနဲ့ ပူးတွဲ အသုံးချနိုင်ခြင်းရှိမရှိ ဆက်လက် သုတေသန ပြုသွားမယ်လို့သိရပါတယ်။