26 April 2024

ဗုဒ္ဓသာသနာထွန်းကားခဲ့သော ပါကစ္စတန်နိုင်ငံမြောက်ပိုင်းရှိ စဝပ်ချိုင့်ဝှမ်းဒေသ (Swat Valley) တွင် တူးဖော်တွေ့ရှိသမျှဗုဒ္ဓကျောင်းတော်များအနက် ရှေးအကျဆုံးဟုယူဆရသော နှစ်ပေါင်း ၂ ထောင် ကျော်သက်တမ်းရှိသည့် ဗုဒ္ဓဘာသာကျောင်းတော် တူးဖော်တွေ့ရှိ။

အဆိုပါကျောင်းတော်သည် ယခုအခါတွင် ဘာရီကော့ (Barikot) မြို့တွင်တည်ရှိပြီး ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဆံတော်မူပြီးနောက် နှစ်ပေါင်း ၂ ရာ မှ ၃ ရာခန့် (သာသနာတော် ၂၀၀ မှ ၃၀၀)၊ ခရစ်နှစ် ၂၀ အလယ်ပိုင်းခန့်တွင် တည်ဆောက်ခဲ့သည်ဟု တူးဖော်တွေ့ရှိသည့် အီတလီနှင့်ပါကစ္စတန် ရှေးဟောင်းသုတေသနပူးပေါင်းအဖွဲ့က ခန့်မှန်းထားသည်။

 

 

ရှေးခေတ်ကဂန္ဓာရတိုင်း (Gandhara) ၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးသော ယင်းဒေသသည် အလဇ္ဇဒါးမင်း၏သိမ်းပိုက်ခြင်းကိုခံခဲ့ရခြင်းကြောင့် ဂရိယဉ်ကျေးမှုလက်ရာလွှမ်းမိုးထားသော ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်အမြောက်အများ တည်ရှိနေသည်ဟု ဆိုသည်။

ယခုတွေ့ရှိမှုသည် ၃ မီတာခန့်မြင့်သည့်ရှေးဟောင်းကျောင်းတော်ကြီးတစ်ဆောင်ဖြစ်နေပြီး ပထိုးစေတီ၊ ကျောင်းလှေခါး၊ ရဟန်းသင်္ဃန်းဆောင်၊ ကျောင်းတိုင်လုံး၊ ကျောင်းခန်းမ၊ လမ်းမသို့ဦးတည်သည့်မြက်ခင်း စသည်တို့ကိုတွေ့ရပြီး အဆိုပါကျောင်းတော်သည် ဘီစီ ၃၀ ခန့်သက်တမ်းရှိမည့်ရှေးဟောင်းကျောင်း ဆောင်တစ်ခုအပေါ်တွင် ထပ်ဆင့်တည်ဆောက်ထားခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များကခန့်မှန်း ထားသည်။

 

 

တူးဖော်တွေ့ရှိသည့်ကျောင်းတော်၏သက်တမ်းအမှန်ကိုသိရှိနိုင်ရန် ကာဗွန်နည်းပညာဖြင့်စစ်ဆေးမှုပြုမည်ဖြစ်ပြီး ယခုတွေ့ရှိမှုသည် စဝပ်ချိုင့်ဝှမ်းဒေသတွင် ဗုဒ္ဓသာသနာထွန်းကားခဲ့သည်ဟု ကောက်ချက်ချနိုင်ကြောင်း ဗင်းနစ်မြို့အခြေစိုက် ဖော့စ်ကာရီတက္ကသိုလ် သုတေသနအဖွဲ့ခေါင်းဆောင် ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ လူကာ ကမှတ်ချက်ပေးသည်။

 

 

ရှေးဟောင်းကျောင်းတော်အပါအဝင် ဒင်္ဂါးပြား၊ ကျောက်မျက်ရတနာ၊ ရှေးဟောင်းစည်းတံဆိပ်၊ မြေထည်၊ ရုပ်တု စသည့်ရှေးဟောင်းပစ္စည်းပေါင်း ၂ ထောင်ကျော်တွေ့ရှိခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS