28 April 2024

လွန်ခဲ့တဲ့ ၂၀၂၁ ဧပြီလ ၃၀ ရက်နေ့ က ကိုဗစ်ရောဂါဖြင့် ဆုံးပါးသွားတဲ့ ထိုင်းဟာသမင်းသားကြီး “နားခုမ့်” မိန်းမမသိအောင် ဝှက်ထားတဲ့ငွေတွေပြန်တွေ့ !

ထိုင်းဟာသမင်းသားကြီး “နားခုမ့်” ကွယ်လွန်သွားတာ ၁ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ သူသက်ရှိထင်ရှား ရှိနေစဉ်အချိန်က မိန်းမမသိအောင်ဝှက်ထားတဲ့ ငွေတွေကို မိန်းမဖြစ်သူက “နားခုမ့်” ရဲ့ အိပ်ခန်းကို ဝင်ရောက်ရှင်းလင်းချိန် ခရီးဆောင်အိတ်ထဲ ဘတ်တွေ ၁ သန်း ၄ သိန်းကျော် ပြန်တွေ့ခဲ့တယ်လို့ ၎င်းရဲ့သမီးဖြစ်သူရဲ့ လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာလည်း ဟာသမင်းသားကြီးဆုံးပါးသွားပြီးတဲ့နောက် သူစီးနေကြ ဆိုင်ကယ်ဘောက်ထဲမှာ ဘတ်ငွေ ၂ သိန်း တွေ့ရှိခဲ့သေးတယ်လို့ သမီးဖြစ်သူ “အိုက်စ်” ဟာ တီဗွီအစီအစဉ်တစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

“အဖေ ဆုံးသွားတဲ့အချိန်ကနေ အခုချိန်ထိ သူ့ရဲ့ပစ္စည်းတွေကို ဒီအတိုင်းပဲထိန်းထိန်းသိမ်းသိမ်းထားခဲ့တာပါ။ ဒါပေမယ့် တစ်လောက အဖေ့ရဲ့ဆိုင်ကယ်ဘောက်ထဲကိုဖွင့်ကြည့်လိုက်တာ အမေမသိအောင် ဝှက်ထားတဲ့ ဘတ် ၂ သိန်းကို တွေ့ခဲ့ရတယ်။ အခုလည်း အဖေ့ရဲ့အခန်းထဲကို အမေက သန့်ရှင်းရေးဝင်လုပ်ရင်းနဲ့ ခရီးသွားအိတ်ကိုဖွင့်ကြည့်လိုက်တာ ဘတ် ငွေ ဘတ် ၁ သန်း ၄ သိန်းကျော် ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဒီသတင်းဟာ လူမှုကွန်ရက်မှာ ပြန့်ခဲ့ပြီးနောက် ပရိသတ်အများစုက “နာခုမ့်လည်းမိန်းမမသိအောင်ငွေတွေဝှက်တတ်တာ ငါတို့အတိုင်းပဲ” “နားခုမ့်ကိုလွမ်းလိုက်တာ” စသည်ဖြင့် မှတ်ချက်တွေရေးသားထားကြပါတယ်။

SHARE THIS NEWS

OTHER NEWS