28 April 2024

မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီခန့် မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ နို့ဖိုး-ထီးမူးထာ ကျေးရွာအတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ထိမှန် သေဆုံးပြီး ကျန် ၃ ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအိုင်စီသတင်းကဖော်ပြထားပါတယ်။

 

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ကျေးရွာအတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ထီးမူးထာ ဒေသခံ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း ရှိနေစဉ် ဦးခေါင်းထိမှန် သေဆုံးသွားပြီး ကျန်အမျိုးသမီးငယ်တစ်ဦးနှင့် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်ဟု ဖော်ပြချက်အရသိရပါတယ်။

 

 

အသက် ၁၇ နှစ်ကလေးမလေးမှာ မနက်အစောကြီး ထမင်းထချက်နေစဥ် သူမအိမ်တည့်တည့်ကျလာတဲ့ လက်နက်ကြီးကျည်ကပေါက်ကွဲတော့ ထမင်းချက်တဲ့နေရာတွင် ဦးခေါင်းကအပြင်းအထန်ဒဏ်ရာရသွားကာ သူမအမေက ဆေးရုံကိုပို့ပေမယ့် လမ်းမှာပင် အသက်ကုန်သွားတာလို့ ဒေသခံတစ်ဦးထံက သိရပါတယ်။

 

 

စစ်ကောင်စီဘက်ကမှ ၁၂၀ မမ ဖြင့် ၆ ချက်ခန့် လှမ်းပစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးငယ်တစ်ဦးအပြင် ကျန်အမျိုးသမီးတစ်ဦးမှာလည်း ဆီးအိမ်နှင့် ခါးကို ထိမှန်ထားကာ လတ်တလောတွင် သတိမေ့နေပြီး ကျန်လင်မယားနှစ်ဦးမှာ ခြေထောက်ထိမှန်ထားပြီး နေအိမ် ၂ လုံးပါ ထိမှန်ခဲ့သလို ကားတစ်စီးလည်း ထိမှန်ပျက်စီးသွားတယ်လို့လဲ သိရပါတယ်။

 

 

သေဆုံးသွားတဲ့ အသက် ၁၇ နှစ်ရှိ ကရင်သူလေးမှာကျောင်းသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဒေသက လက်ရှိအချိန်ထိမကြာခဏ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ ထိတွေ့မှုဖြစ်ပွားတာနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် တုံ့ပြန် ပစ်ခတ်လေ့ ရှိကြောင်းလည်းသိရပါတယ်။

Ref: KIC

Photo_CJ

SHARE THIS NEWS

OTHER NEWS