27 April 2024

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်-၁ တံတား (မယ်ဆိုင်) မှတဆင့် ၁ နေ့လျင် ၅၀၀ ဦးဝင်ခွင့်ပြုရန်မယ်ဆိုင်အာဏာပိုင်အဖွဲ့ သဘောတူ

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်-၁ တံတား (မယ်ဆိုင်) နယ်စပ်ဂိတ်ကိုအမြန်ဆုံးဖွင့်လှစ်နိုင်ရေး မယ်ဆိုင်မြို့နယ်အတွင်းဝန်ဦးဆောင်ပြီး ယမန်နေ့တွင် မယ်ဆိုင်မြို့ရှိ ဟိုတယ်တစ်ခု၌ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး အစိုးရနှင့်ပုဂ္ဂလိကကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးနယ်စပ်ဂိတ်လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်လည်နာလည်ထူလာရန်အတွက် နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်မည့်အခြေအနေနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်-၁ တံတား (မယ်ဆိုင်) ကို တင်းကျပ်သည့်အစီအမံအောက်တွင် ပြန်လည်ဖွင့်လှစ်ရန်သဘောတူခဲ့သည်ဟု သိရသည်။

တဆက်တည်းတွင် စမ်းသပ်ကာလအတွင်း မနက် ၆ နာရီခွဲ မှ ညနေ ၆ နာရီခွဲအချိန်ထိ ဖွင့်ပေးမည်ဟု သိရပြီး ၁ ရက်လျက် ၅၀၀ ဦးဝင်ခွင့်ပြုမည်ဟု သိရသည်။

သို့သော် မနက်လာ ညပြန်သူများကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ကာ လူတစ်ဦးလျင် ၂ ရက် ၁ ညဝင်ရောက်သွားလာခွင့်ပြုမည်ဟု သိရသည်။

တချိန်တည်းတွင် အထောက်အထားတစ်ခုခု သို့မဟုတ် ဘော်ဒါပတ်စ်ဖြင့် ဝင်လာခွင့်ပြုမည်ဖြစ်ပြီး ATK စစ်ဆေးထားသည့်အထောက်အထားနှင့် ဆေးရုံမှထုတ်ပေးသောကိုဗစ်-၁၉ ကင်းစင်ကြောင်းထောက်ခံချက်အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသည့်အထောက်အထား တင်ပြရမည်ဟု သတ်မှတ်ထားသည်။

ထို့နောက် နယ်စပ်တံတားထိပ်တွင် သတ်မှတ်ဈေးနှုန်းဖြင့် ATK စစ်ဆေးပေးမည်ဟု ဖော်ပြထားပြီးကုန်စည်များကို အမှတ်-၂ တံတားမှဖြတ်သန်းခွင့်ပြုမည်ဟု သဘောတူကြသည်။

မည်သို့ဆိုစေ ယခုအစည်းအဝေးဆုံးဖြတ်ချက်ကို ချင်းရိုင်ခရိုင်မှူးထံဆက်လက်တင်ပြရမည်ဖြစ်ပြီး ခရိုင်မှတဆင့် ထိုင်းနိုင်ငံကိုဗစ်-၁၉ ဗဟိုဌာနထံဆက်လက်အဆိုပြုပြီး သဘောထားမှတ်ချက်ရယူရမည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS