28 April 2024

,

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင်တွင် ပေါင်မုန့်သည်ထိုင်းအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်းထီကံထူး၊ ပေါင်မုန့်ဆိုင်လုံးကျွတ်အခမဲ့ကျွေး။

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယောင်းခရိုင်၊ ဘန့်ခိုက်မြို့နယ်၊ တာခန်းကျေးရွာအုပ်စု၊ မူ-၈ တွင်နေထိုင်သည့် ပေါင်မုန့်သည်အမျိုးသမီးတစ်ဦး ထိုင်းထီပထမဆု ၂ စောင်တွဲ ၁၂ သန်းကံထူးသည်ဟု သိရှိရသည်။

ကံထူးရှင်သည် အသက် ၅၂ နှစ်ရှိ ဘွန်ထိကာ ထပ်ထောင် ဆိုသူအမျိုးသမီးတစ်ဦးဖြစ်ပြီး ပေါင်မုန့်ရောင်းစားသည့်အလုပ်ကိုလုပ်ကိုင်နေသည်ဟု သိရသည်။

ကံထူးရှင်အိမ်သို့သတင်းထောက်ရောက်ရှိသွားချိန်တွင် ပူပူနွေးနွေးသူဌေးမကြီးမှာ အင်မတန်စိတ်လှုပ် ရှားနေသည်ကိုတွေ့ရပြီး ၀၄၅၀၃၇ ဂဏန်းပါထီလက်မှတ် ၂ စောင်ကိုခြေတုန်လက်တုန်ကာ ထုတ်ပြ ခဲ့သည်။

“အိမ်မက်ဂဏန်းတော့မဟုတ်ပါဘူး သူငယ်ချင်းလာရောင်းလို့ ၆ စောင်ထိုးလိုက်တာ အပတ်တိုင်းထိုးနေကျဆိုတော့ ဝမ်းသာစိတ်ဖြစ်သလို ထိန့်လန့်စိတ်လည်းဖြစ်တာပေါ့ ဘာမှလုပ်မထိကိုင်မထိဖြစ်သွားတယ် ဝမ်းလည်းသာ ကြောက်လည်းကြောက် အခုလောလောဆယ်တော့ တိုင်ချက်မဖွင့်သေးပါဘူး ဒီနေ့(နိုဝင်ဘာ ၂) ထီဆုကြေးသွားရောက်ထုတ်ယူမယ် ” ဟု ဆိုသည်။

ထီဆုကြေးသွားရောက်ထုတ်ယူပြီးလျှင် တချို့ကိုအလှူအဒါန်းပြုလုပ်မည်ဖြစ်ပြီး ကျန်ရှိငွေများကိုမိသားစုအသုံးစရိတ်နှင့်ရင်းစားရန်အတွက် သိမ်းဆည်းထားမည်ဟု ဆိုသည်။ ဆယ်နှစ်ကျော်လုပ်ကိုင်ခဲ့သည့်ပေါင်မုန့်ရောင်းစားသည့်အလုပ်ကိုဆက်လက်လုပ်ကိုင်မည်ဟုဆိုသည်။ ထို့နောက် ပေါင်မုန့်အား လုံးကို ဈေးသူဈေးသားများအားအခမဲ့ကျွေးခဲ့ပြီး အိမ်ပြန်သွားသည်ဟု သိရသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS