5 May 2024

သြဂုတ်လ ၅ ရက်၊ ၂၀၂၂

ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ဂိတ် ၄ တွင် သြဂုတ် ၅ ရက်၊ နံနက် ၄ နာရီခန့်မှစပြီး JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် N4 Level ‌လျှောက်လွှာများ ရရှိရေး လူငယ် ၅၀၀၀ ကျော်က အလုအယက်တန်းစီ ခဲ့ကြသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

 

 

ဖြစ်ပွားရတဲ့အကြောင်းရင်းမှာ လာရောက်တန်းစီတဲ့ လူငယ်များကိုလျှောက်လွှာ ရောင်းချခြင်းကို ရပ်ဆိုင်းကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာခဲ့ပါတယ်။

 

 

တိုင်းတစ်ပါးမှာအလုပ်အကိုင်ရဖို့ JLPT Level N4 လျှောက်လွှာရဖို့ လူငယ်တွေဟာ ကာဖျူးတောင်မမှုဘဲ မနက် ၁ နာရီကတည်းက တန်းစီနေတာ။ မနက် ၄ နာရီမှာ မှာ လူ ၅၀၀၀ ကျော်အထိရှိသွားတယ်လို့ ခန့်မှန်းရပါတယ်။

 

 

ချက်ချင်းလျောက်လွှာရောင်းချပေးတာပိတ်လိုက်ပြီ၊ အွန်လိုင်းကပဲ လက်ခံတော့မယ် ကြေညာလိုက်တော့ အဲဒါနဲ့ကျောင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ လူငယ်တွေက ဒေါသထွက်ကုန်ပြီး၊ နောက်တော့ ကျောင်းထဲမီးလောင်တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာစစ်တပ်တွေရောက်လာပြီး၊ ကျောင်းဝင်းထဲ လူငယ် ၁၀ ဦးကျော်မှာ ဖမ်းဆီးခြင်းကိုခံလိုက်ရတယ်လို့ လူစုထဲကလူငယ်တစ်ယောက်ကပြောပါတယ်။

 

 

ဂျပန်ဘာသာ N4 Level စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး လက်မှတ်ရရှိပါက ဂျပန်နိုင်ငံသွားရောက်ရန် အခွင့်အလမ်းများသဖြင့် လူငယ်အများအပြား ဂျပန်သွားရောက် အလုပ်လုပ်ကိုင်လိုကြခြင်းဖြစ်ပါတယ်။

 

 

အာဏာသိမ်းပြီးကတည်းက လူငယ်များမှာ အလုပ်လက်မဲ့ဖြစ်နေကြရပါတယ်။ ကုန်စျေးနှုန်းတွေလဲမြှင့်တက်နေတဲ့အပြင် မိသားစုစားဝတ်နေရေးကျပ်တည်းလာလို့ တိုင်းတစ်ပါးမှာ အလုပ်ရဖို့ကြိုးစားနေကြတာပါ။ မြန်မာပြည်တွင်း စျေးတွေကလည်း တစ်နေ့တစ်ခြား တက်နေတယ်။ ဘ၀တွေက ရှင်လျက်နဲ့သေနေတယ်။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ပဲ လုပ်တာ။ ဂျပန်မရရင်တော့ စင်ကာပူ၊ မလေရှား၊ အနိမ့်ဆုံးထိုင်းတော့ ထွက်မယ်စဉ်းစားတယ်” ဟု လူငယ်များထံက သိရပါတယ်။

 

 

Japanese Corner ကတာဝန်ခံတစ်ဦးကို မေးမြန်းလိုက်တဲ့အခါမှာ ” ဒီလူအုပ်စုကြီးကတော့ N4 Level ရဖို့တန်းစီသွားနေကြတာပါ၊ ဖောင်က မနက် ၉ နာရီလောက်မှာရောင်းချပေးမယ်လို့ကြေညာထားတယ်ဆိုပေမယ့် ဟိုလို ဖြစ်သွားရတဲ့အကြောင်းရင်းက ဖောင်အရေအတွက်နည်းသွားလို့ပေါ့နော်၊ ပြီးတော့ ၃ ရက်နေ့ကလဲရောင်းပေးလိုက်တာရှိတယ်၊ အဲဒီနေ့က ဖောင်တစ်သောင်းလောက်ကုန်သွားတယ်။ ဖောင်အရေအတွက်က ၂ သောင်းပဲရှိတော့ ကျန်တာနည်းနည်းပဲရှိတော့တယ်။ ရှစ်ထောင်လောက်တော့ကျန်တယ်။ အဲဒီရှစ်ထောင်ကို ၃ ရက်ရောင်းပေးမှာပေါ့၊ ဒီနေ့ရယ်၊ မနက်ဖြန်ရယ်၊ တဘက်ခါရယ်ပေါ့၊ တစ်ရက်ကို ၃၀၀၀၊ ၃၀၀၀၊ ၂၀၀၀ ပေါ့၊ ဘာကြောင့် ဒီလိုဆုံးဖြတ်ရသလဲဆိုတော့ လူအုပ်အရမ်းများမှာစိုးလို့ပေါ့နော်၊ ဒါပေမဲ့ ထင်မှတ်မထားဘဲ ခန့်မှန်းထားတဲ့လူဦးရေထက် ပြောင်းပြန်ဖြစ်သွားတယ်လေ၊ အဲဒါကြောင့် စားမေးပွဲကျင်းပရေးအဖွဲ့အစည်းက မနက် ၆ နာရီလောက်မှာ လူဦးရေအရမ်းများနေတဲ့အတွက် စာမေးပွဲရောင်းချပေးဖို့အဆင်မပြေတော့ဘူးလို့ ကြေညာလိုက်တော့ အခြေအနေကပိုဆိုးသွားတယ်” လို့ ကိုချစ် ဇွဲကပင်မြေ ကိုပြောပါယ်။

 

 

Myanmar Association of Japan Alumni (MAJA) ရဲ့ဖေ့ဘွတ်စာမျက်မှာဖော်ပြထားကတော့ ” ယနေ့ ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများစတင်ရောင်းချမည်ဖြစ်ရာ၊ ယခု နံနက်၅ နာရီ အချိန်တွင်ပင် လာရောက်တန်းစီသူ ခန့်မှန်းဦးရေ ၅၀၀၀ ဦးခန့်ရှိနေပြီး၊ လူစုလူဝေးအဖြစ်သို့ ရောက်ရှိနေပါသောကြောင့် လျှောက်လွှာရောင်းချရန် ခက်ခဲသည့်အခြေအနေဖြစ်ပေါ်နေပါသည်။

 

 

သို့ပါ၍ N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးကြေငြာအပ်ပါသည်။ လျှောက်လွှာများအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ပါသည်။ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အား ထပ်မံကြေငြာသွားပါမည်” ဟု JLPT စာမေးပွဲကျင်းပရေးကော်မတီကြေညာထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Khit Thit Media

SHARE THIS NEWS

OTHER NEWS