4 May 2024

ထိုင်းနိုင်ငံ၊ လွပ်ဘူရီအခြေစိုက် တပ်မတော်လေကြောင်းဌာနမှ လေ့ကျင့်ရေး ရဟတ်ယာဉ်တစ်စင်း ယနေ့(ဒီဇင်ဘာ ၁၄ ရက်)နံနက်ပိုင်းက ပျက်ကျ မီးလောင်ခဲ့ပြီး တပ်ဖွဲ့ဝင်နှစ်ဦး‌ သေဆုံးခဲ့သည်ဟု သိရသည်။

 

အမေရိကန်နိုင်ငံ၊ အန်စထရွမ် ရဟတ်ယာဉ်ကော်ပိုရေးရှင်းမှထုတ်လုပ်သည့် အဆိုပါရဟတ်ယာဉ်မှာ နခွန်ဆဝမ်ပြည်နယ်၊ မူအန်ခရိုင်ရှိ ဂျီရာပရာဝတ်တပ်စခန်းအရှေ့ဘက် စာတိုက်ရုံးဘေးတွင် ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့် က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

 

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုတွင် ပျံသန်းရေးနည်းပြ ဒုဗိုလ်မှူးကြီး ပန်ပွန်းဘန်ချွန်ပလီယန်နှင့် လေကြောင်းသင်တန်းသားတစ်ဦးဖြစ်သည့် ဗိုလ်ကြီး ချနာကွန်းပိုင်ရမ်ချာရွန်းတို့‌သေဆုံးခဲ့ကြသည်။

 

အဆိုပါရဟတ်ယာဉ်မှာ အခြားရဟတ်ယာဉ်များနှင့်အတူ လေ့ကျင့်ပျံသန်းနေစဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

 

 

အန်စထရွမ် ရဟတ်ယာဉ်ကော်ပိုရေးရှင်းမှထုတ်လုပ်သည့် Enstrom 480B ရဟတ်ယာဉ် ၂၂ စင်းကို ထိုင်းနိုင်ငံမှ နှစ်သုတ်ခွဲဝယ်ယူခဲ့ရာ ပထမအသုတ် ၁၆ စင်းမှာ ၂၀၁၁ ခုနှစ်တွင်ရောက်ရှိခဲ့ပြီး ဒုတိယအသုတ် ခြောက်စင်းမှာ ၂၀၁၉ ခုနှစ်တွင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

ပျက်ကျခဲ့သည့် ရဟတ်ယာဉ်၏တန်ဖိုးမှာ ထိုင်းဘတ် ၇၄ သန်းရှိပြီး အဆိုပါ ရဟတ်ယာဉ်များ ကိုလွပ်ဘူရီ အခြေစိုက် တပ်မတော်လေကြောင်းဌာန၏ လေ့ကျင့်ရေးများတွင် အသုံးပြုရန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS