4 May 2024

နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၂၂

မနေ့ည ၉.၁၀ မိနစ်အချိန်မှာ တာ့ခ်ခရိုင် မဲဆောက်မြို့ မဲထော့မြို့နယ်ရှိ မတ်စောက်သော တောင်ဆင်းလမ်းအန္တရယ်ကွေ့တွင် ဆင်းလာတဲ့ ဘတ်စ်ကားမှာ ယာဥ်မောင်းသူက ကားမောင်းမကျွမ်းကျင်တာကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မဲဆောက်ကနေ ဟတ်ယိုင်မြို့ သို့ သွားရောက်လုပ်ကိုင်မည့် မြန်မာ ၄၀ ကျော်မှာ ကားပေါ်တွင်ပိတ်မိနေပြီး အများအပြားထိခိုက်ရှိကာ ၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

 

အခင်းဖြစ်ပွားပြီနောက် ထိုင်းဘုရင့်တပ်မတော် ၃၁၀ ကယ်ဆယ်ရေးတပ်ဖွဲ့၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့၊ တက်ဖောင်ဒေးရှင်းမှ အရာရှိများ၊ မယ်သိုခရိုင် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် တာ့ခ်ခရိုင် ကယ်ဆယ်ရေးတွေရောက်လာပြီး ကားထဲမှာပိတ်မိနေတဲ့ မြန်မာလုပ်သားတွေကို တစ်ယောက်ချင်းစီဆွဲထုတ်ကယ်တင်ခဲ့ရတယ်ဟု မဲဆောက်သတင်းရင်းမြစ်များကဖော်ပြထားပါတယ်။

 

 

တိမ်းမှောက်တဲ့ ဘတ်စ်ကားမှာ ယာဥ်မောင်းသူအပါဝင် စုစုပေါင်း လူ ၄၇ ယောက်လိုက်ပါလာကြောင်း သိရပါတယ်။ ကားအတွင်းမှာတော့ မြန်မာ MoU လုပ်သား အမျိုးသား၊ အမျိုးသမီးတွေ အများအပြားဒဏ်ရာရကြပြီး ကုလားထိုင် ဖိမိလို့ မလှုပ်ရှားနိုင်ရှားဘဲ အော်ဟစ်အကူညီတောင်းတဲ့အသံတွေကြားနေတယ်ဟု ကယ်ဆယ်ရေးအဖွဲ့များထံကသိရပါတယ်။

 

 

ယာဥ်တိမ်းမောက်တဲ့နေရာက မတ်စောင်းဆင်းတဲ့အန္တရာယ်ကွေ့မှာဖြစ်ပြီး၊ ကားတွေမကြာခဏတိမ်းမှောက်တာကြောင့် အဲဒီနေရာကိုတော့ “အလောင်း၁၀၀ကွေ့” ဟု နာမည်ပေးခဲ့ကြပါတယ်။ ဒီတကြိမ် မြန်မာတွေစီးလာတဲ့ကား တိမ်းမှောက်ရာမှာတော့ ထိခိုက်သူ ၄၄ ဦးနှင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး၊ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိသေးပါ။

 

အခင်းဖြစ်ပွားပြီနောက် မဲဆောက်မြို့တွင် တာဝန်ကျတဲ့ မြန်မာအလုပ်သမားသံအရာရှိက ယာဥ်တိမ်းမှောက်တဲ့နေရာကို ရောက်လာပြီး၊ မြန်မာလုပ်သားတွေကို ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကာ အကူညီများလဲပေးအပ်ခဲ့ကြောင်းသိရပါတယ်။

 

 

မနေ့က ယာဥ်တိမ်းမှောက်မှုမှာပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းအစိုးရနှင့် မြန်မာအစိုးရကြား သဘောတူညီချက်အရ MOU စနစ်ဖြင့် တရားဝင် အလုပ်လာလုပ်သည့် အလုပ်သမားများ ဖြစ်တာကြောင့် အလုပ်သမားအခွင့်ရေးအပြည့်ဝခံစားခွင့်ရမှာဖြစ်ပြီး၊ ယာဥ်တိမ်းမှောက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့်ဆောင်ရွက်မည်ဟု သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Tak

SHARE THIS NEWS

OTHER NEWS