10 May 2024

—————————-

ဗန်ကောက် ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃

အာဆီယံနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုမှာ ထိုင်းနိုင်ငံလဲပါဝင်တာကြောင့် ကုန်စျေးနှုန်းတွေဟာ တနေ့တခြားတက်နေတယ်လို့ ထိုင်းစျေးသည်များထံကသိရပါတယ်။

ယခင် အသီးအရွက်တွေဆိုရင် ၃ စည်း ၁၀ ဘတ်ဝယ်ယူလို့ရတဲ့နေရာမှာ လက်ရှိပေါက်စျေးက ၁ စည်းကို ၁၀ ဘတ်နဲ့ရောင်းချပေးနေတာတွေ့ရပါတယ်။

အသီးအရွက်တွေဟာ အရင်က ၁ ကီလိုကို ၆၀-၇၀ ရှိပါတယ်။ လက်ရှိစျေးကတော့ ၁ ကီလိုကို ၁၅၀-၂၀၀ ဘတ်တွေဖြစ်ကုန်တော့ ခွဲပြီးပြန်ရောင်းရင်တောင် ဘာမှမကျန်တော့ဘူး၊ အသီးအရွက်တွေကို အရင်လိုများများစားစားလဲ မဝယ်ရဲတော့ဘူးလို့ ထိုင်းစျေးသည်တစ်ဦးက Myanmar Live ကိုပြောပါတယ်။

“ကုန်စိမ်းတွေက စျေးတက်သလားတော့ မမေးနဲ့အေ၊ အရင်က အသီးအရွက်တွေတခါသွားဝယ်ရင် ဘတ်ငွေ ၅၀၀၀ လောက်ယူသွားရင် သယ်မနိုင်အောင် ရလာတယ်။ ယခုက ငွေ ၁ သောင်းယူသွားရင်တော့ ပစ္စည်းတွေအကုန်ရမလားဘူး” လို့ ဗန်ကောက် ရှိ ဘန်ဘောစျေးမှာ ရောင်းချနေတဲ့ ထိုင်းစျေးသည်တစ်ဦး ပြောပါတယ်။

ထိုင်းမှာအသီးအရွက်တွေလဲ စျေးတက်နေသလို အသားငါးတွေလဲ စျေးလိုက်တက်နေတယ်လို့ ဝက်သားသည်တစ်ဦးက ပြောပါတယ်။

“လက်ရှိ ဝက်သားစျေးက အမြှင့်ဆုံး ၁ ကီလို ၂၅၀ လောက်ရှိပြီ၊ အဲဒါကတော့ သုံးထပ်သားပေါ့၊ အနိမ့်ဆုံးစျေးက ၁၈၀ ရှိတယ်။ အဲဒါကတော့ ဝက်သားကြေတွေပါ။ ၂၀၂၂-၂၀၂၃ နှစ်တွေဟာ စျေးတွေတနေ့တခြားတက်နေတယ်။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကထက် ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက် ထိုးတက်သွားတာပေါ့၊ ဝက်သွားရောင်းလာတာ နှစ် ၃၀ လောက်ရှိပြီ၊ ယခုနှစ်တွေမှပဲ တစ်ရက်တာ လုပ်အားခမှာ ဝက်သား ၁ ကီလိုပဲရတာ တွေ့ရတယ်” ဟု ဝက်သားရောင်းပေးနေတဲ့ အဖွားအိုတစ်ယောက်က ပြောပါတယ်။

ကုန်စျေးနှုန်းတွေဟာ အဆမတန်ထိုးတက်နေတာကြောင့် ထိုင်းမှာနေ့စားအလုပ်သမားအဖြစ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေဟာ ယခင်က အိမ်ကို ၁ လတခါ မိသားစုတွေအတွက်ပို့ပေးနိုင်ခဲ့ပေမယ့် ယခုနှစ်တွေမှာဆို ၂-၃ လလောက်မှ တခါပို့ပေးနိုင်တော့တယ်ဟု မြန်မာလုပ်သားတစ်ယောက်က Myanmar Live ကိုပြောပါတယ်။

“ထိုင်းမှာလဲ ဝင်ငွေနဲ့ထွက်ငွေက ကွက်တိဖြစ်နေပြီ၊ အတော်လေးစုဆောင်းယူနေရတယ်။ အကိုတို့ပဲ စဥ်းစားကြည့်ပေါ့ဗျာ၊ တစ်နေ့တာ လုပ်အားခက အိုတီမရှိရင် ၃၄၀ ပဲရတယ်။ ဝက်သား ၁ ကီလိုက ၂၀၀-၃၀၀ ဖြစ်နေပြီး၊ ကျန်တာမပါသေးဘူး၊ ကျနော်တို့တွေက ဒီမှာအိမ်မရှိကြဘူးလေဗျာ၊ အခန်းငှားနေရတယ်။ မီးဖိုးရှိတယ်၊ ရေဖိုးရှိတယ်၊ ဒီကြားထဲ သူများနိုင်ငံက တရားဝင်ဖြစ်ဖို့ကလဲ အရေးကြီးတယ်လေ၊ အထောက်အထားဖိုး၊ ဘာဖိုး ညာဖိုးနဲ့ တစ်နှစ်သာ ပြီးသွားတာ ဘာမှ မကျန်တော့ဘူး၊ လုပ်လိုက်စားလိုက် ဖြစ်နေတော့တာပေါ့” လို့ ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ငါးသေတ္တာစက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ယောက် Myanmar Live ကိုပြောပါတယ်။

လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ထိုင်းနိုင်ငံ၊ ဘရူနိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာစသည့် နိုင်ငံများပါဝင်တယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS