27 April 2024

နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်ရှိ ဖိနပ်စက်ရုံမီးလောင်မှုမှာ ၆ နာရီအကြာမီးငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံကသိရပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်ကစတင်လောင်းကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းစဉ် စက်ရုံထဲမှာလုပ်ကိုင်နေတဲ့ ထိုင်းနဲ့မြန်မာလုပ်သားတွေ အလုပ်လုပ်နေသေးတာကြောင့် အသက်လုထွက်ပြေးခဲ့ရပါတယ်။

မီးလောင်တဲ့ ဖိနပ်စက်ရုံမှာ Aerosoft ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ဘန်စောင်ထုန်မြို့နယ် ဘန်ချလုံနယ်မြေမှာတည်ရှိပါတယ်။ ၎င်းစက်ရုံထဲမှာတော့ မြန်မာလုပ်သားတွေအများအပြားလုပ်ကိုင်နေကြကြောင်း သိရပါတယ်။

မီးစလောင်တဲ့တိုက်မှာ ၅ ထပ်ရှိပြီး ပထမထပ်မှာ အရောင်းပြခန်း၊ ဒုတိယထပ်မှာ ရောင်းကုန်ပစ္စည်းနဲ့ တတိယထပ်မှာ ဖိနပ်ချုပ်ရာမှာ အသုံးပြုတဲ့ ရာဘာပြား၊ ဓာတုဆေးရည် အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိတာကြောင့် လောင်စာသဖွယ်ဖြစ်နေပြီး ဘေးနားက တိုက်တန်းလျားတွေဆီပါ အလျင်အမြန်ကူးစက်လောင်ကျွမ်းသွားဖြစ်ပါတယ်။

ကားအစီး ၂၀ ကျော် လူအင်အား ၁၀၀ ကျော်ဖြင့် မီးငြိမ်းသတ်ခဲ့ရပါတယ်။ စက်ရုံထဲကအလုပ်သမားတွေ ထိခိုက်မှုမရှိပေမယ့်၊ မီးသတ်တပ်ဖွဲ့ထဲမှာတော့ ထိခိုက်သူ ၂ ယောက်ရှိပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ ထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။

ဒီကနေ့ မနက်အထိ မီလောင်ထားတဲ့ တိုက်ခန်းထဲကိုဝင်ရောက်စစ်ဆေးမှုမပြုလုပ် ရဲကြသေးပါ။ အဆိုပါတိုက်ခန်းတွေဟာ အတန်ငယ်ဟောင်းနွမ်းနေပြီဖြစ်လို့ ကွဲအက်ရာနဲ့ ယိုင်နဲ့တာတွေ ရှိနေဖြစ်နေပြီး၊ မီးလောင်မှုဖြစ်ပြီးနောက် တိုက်ကပြိုကျလာမှာကို စိုးရိမ်ရတဲ့အတွက် အခြေနေကိုစောင့်ကြည့်နေကြပါတယ်။

အဲဒီစက်ရုံထဲမှာ မြန်မာရွှေ့ပြောင်းတွေ ၂ ထောင်နီးပါး လုပ်ကိုင်နေပြီး မီးလောင်မှုကြောင့် အလုပ်လက်မဲ့ ဖြစ်သွားမှာစိုးရိမ်ရပါတယ်။ မီးလောင်လို့ ပျက်စီးသွားတဲ့ တန်းဘိုးကိုတရားဝင်ထုတ်ပြန်မထားသေးပေမယ့် အတော်တော့ပျက်စီးမှုများတယ်ဟု အခင်းဖြစ်တဲ့နေရာကိုသွားရောက်ကြတဲ့ မီဒီယာများက ဆိုပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ ထိုင်ရတ်ခ်

SHARE THIS NEWS

OTHER NEWS