ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂
ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေး/ဆို သျှန်ထွန်း(မြန်မာစာ) ဖမ်းဆီးခံထားရကြောင်း နီးစပ်သူအသိုင်းအဝိုင်းက အတည်ပြုပြောဆိုပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မှာ ဖမ်းဆီးပေးရန် တိုက်တွန်းမှုများ တက်လာပြီးနောက် ၎င်းတို့ ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
“ဖိုးချစ်နဲ့ သူ့ဆရာအဖမ်းခံလိုက်ရပြီ၊ သူတို့ ၃၀/၁၁/၂၀၂၂ ခုနှစ် နေ့လည်လောက်ကလာဖမ်းသွားတယ်။ ထောက်ပို့ကိစ္စနဲ့ လာဖမ်းသွားတယ်လို့ပြောကြတယ်။ ဒီသတင်းက အတိအကျဟုတ်၊ မဟုတ် ကျနော်လဲ စုံစမ်းနေတယ်။ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေထဲမှာလဲ အဖမ်းခံရတယ်လို့ဖော်ပြထားပါတယ်။ တကယ်မဖြစ်ပါစေနဲ့လို့ ကျနော်လဲဆုတောင်းနေတယ်” ဟုအမည်မဖော်လိုတဲ့ ထိုင်းရောက်မြန်မာ ဆယ်လီတစ်ယောက်ကပြောပါတယ်။
ဇာတ်မင်းသားဖိုးချစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး တေးရေးတေးဆိုသျှန်ထွန်း (မြန်မာစာ) ကို ပုဂံသို့ အသွားတဲ့လမ်းမှာ ဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။
၎င်းတို့ ၂ဦးအား စစ်ကောင်စီအနေဖြင့် မည်သည့်အတွက်ကြောင့်ဖမ်းဆီးခဲ့ပြီးမည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို ထုတ်ပြန်ထားတာမတွေ့ရသေးပါ။
ကိုချစ် ဇွဲကပင်မြေ