26 April 2024

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၂

.

ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင် မဟာချိုင်မှာအလုပ်ပြုတ်ပြီးနောက်ထပ်အလုပ်သစ်တစ်ခုကိုရချင်ရင် ငွေနဲ့ရှာရတယ်ဟု မဟာချိုင်မြို့နယ် ကီလို ၂ မှာနေထိုင်တဲ့ မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။

“စက်ရုံကြီးတွေမှာအလုပ်ရဖို့ အချိတ်ဆက်မရှိရင် လွယ်လွယ်လေးနဲ့ သွားစမတ်လို့မရတော့ဘူး၊ စာရေးမတွေက အလုပ်ရှာပွဲစားတွေနဲ့ပေါင်းပြီးလုပ်နေကြတာ၊ ကျမဆိုရင် အဲဒီစက်ရုံမှာ အလုပ်ရဖို့ငွေ ၈ ထောင်ပေးပြီးသွားပြီ။ ပွဲစားကိုငှားလိုက်ပေမယ့် အလုပ်ကချက်ချင်းရမလာဘူး။ စောင့်လာတာလဲ ၆ လရှိနေပြီး။ ခုထိမရသေးဘူး။ ခုလဲကိုယ်ဝန်က ၃ လရှိနေပြီး အလုပ်ကမြန်မြန်ရမှအဆင်ပြေမှာ ကလေးပကန်တွေ ဘာတွေလုပ်ဖို့လဲလိုနေပြီ” ဟု သူမဆိုပါတယ်။

မဟာချိုင်မြို့နယ် ဝီလလမ်းမှာရှိတဲ့ စက်ရုံကြီးမှာဆိုရင် အလုပ်ရဖို့ အလုပ်စမတ်ဖို့လာတဲ့သူတွေမှာ တစ်ရက်ကို လူဦးရေ ၃၀၀ ကနေ ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ မနက် ၂ နာရီ ၃ နာရီကတည်းက ကြိုတင်လာတန်းစီထားကြပါတယ်။ အချို့ဆိုရင် အလုပ်မရလို့ ငိုယိုပြီးပြန်သွားကြတဲ့သူတွေရှိသလို၊ အချို့ဆိုရင် တပတ် ၁၅ ရက် မနက်တိုင်းလာပြီးတန်းစီပေမယ့် အလုပ်မရသေးတဲ့သူတွေလဲရှိနေတယ်လို့ အဲဒီနားမှာနေထိုင်တဲ့ အလုပ်သမားထံကသိရပါတယ်။

“အခုထိုင်းမှာက အလုပ်သမားတွေပေါပြီး အလုပ်နေရာကရှားနေတယ်။ အဲဒါကြောင့် စက်ရုံကြီးတွေဟာ အလုပ်သမားတွေကို အရမ်းရွေးတယ်။ အချိတ်အဆက်မရှိရင်ဝင်လုပ်ကိုင်ခွင့်ရဖို့မလွယ်ဘူး။ မနက်တိုင်းအလုပ်လာစမတ်ကြတဲ့ သူတွေမှာလဲ ပုလိပ်ရန်ကကြောက်ရသေးတယ်။ အလုပ်စမတ်လာတဲ့သူတွေကို ဝင်စစ်ဆေးလေ့ရှိတယ်။ အထောက်အထားမပြည့်စုံရင် ဖမ်းတာဆီးတာတွေလဲတွေ့ရတယ်” ဟု ထိုင်းယူနီယမ်ဈေးမှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ယောက် ဆိုပါတယ်။

လက်ရှိ မဟာချိုင်မှာဆိုရင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်လို့ နာမည်ကြီးတဲ့ ပင်လယ်စာစက်ရုံကြီးတစ်ခုမှာ အလုပ်ဝင်ခွင့်ရမယ်ဆိုပြီး ထိုင်းနဲ့ မြန်မာ ပွဲစားတွေကို မြန်မာအလုပ်သမားတွေက ငွေပေးထားပြီး အလုပ်ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရတာ ကြာလာတာကြောင့် စားဝတ်နေရေး ကြပ်တည်းလာလို့ ကြာလာတော့ အလုပ်သမားတွေဟာ ဒီကိစ္စကို ဖြေရှင်ပေးဖို့ ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့မှာ ဆန္ဒပြမှုတွေပြုလုပ်လာကြပါတယ်။

ထောင်နဲ့ချီတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ထိုင်းအာဏာပိုင်တွေက သတိထားမိခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ အဲ့ဒီနေ့မှာပဲ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်လို့ မဟာချိုင်မှာရှိတဲ့ အလုပ်သမားကူညီရေးအဖွဲ့များထံကသိရပါတယ်။

ထိုင်းနဲ့မြန်မာပွဲစားတွေကို ငွေပေးအလုပ်ရှာခိုင်းပြီး စောင့်လာရတာကြာတော့ ယခုလိုဆန္ဒပြတောင်းဆိုမှုတွေရှိလာတာပါ။ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ ပွဲစားတွေကိုငွေပေးပြီး အလုပ်သစ်တွေမရကြတာပါ။ အလုပ်သမား ၄၀၀၀ နီးပါးကို အလုပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေကညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

(စုဝေးတောင်းဆိုနေသည့်မြန်မာလုပ်သားများကိုတွေ့ရစဉ်၊ ဓာတ်ပုံ- ကိုနေလင်းသူ/AAC)

SHARE THIS NEWS

OTHER NEWS