မြို့တော်ဗန်ကောက် အနောက်ဘက်ရှိ စမွတ်ဆာခွန်ခရိုင် ကရာထွန့်ဘန်းမြို့နယ်တွင် ရွှေဆိုင်ဓားပြ တိုက်ခံရပြီး ရွှေသား ၆ ကျပ်သားပါသွားသည်ဟု နယ်မြေခံထိုင်းသတင်းပေ့ချ်တစ်ခုက ဖော်ပြထားသည်။
လွန်ခဲ့သော ဧပြီလ ၁၇ ရက်နေ့ (၂၀၂၃) မွန်းလွဲ ၃ နာရီခန့်အချိန်တွင် ကရာထွန့်ဘန်းမြို့နယ်၊ တလာ ကရာထွန့်ဘန်းကျေးရွာအုပ်စု၊ စူခွန်ထဝစ်လမ်း၊ အမှတ် ၂၄၄/၅ တွင် ဖွင့်လှစ်ထားသော “ဟန့်စူဝမ်ဝစစ်” ရွှေဆိုင်ထဲသို့ ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး မင်္ဂလာဆောင်ပွဲအတွက် ၂ ကျပ်သားရွှေ ဆွဲကြိုးဝယ်ယူမည်ဟု ဆိုင်ဝန်ထမ်းကိုပြောပြီး ၂ ကျပ်သားဆွဲကြိုးများကို တောင်းကြည့်ခဲ့ကြောင်း မျက်မြင်တစ်ဦး က ဆိုသည်။
ထိုသို့ ၂ ကျပ်သားရွှေဆွဲကြိုးများကို ကြည့်နေစဉ် ယင်းအမျိုးသားက ဆိုင်ဝန်ထမ်းအား နောက်ထပ် တစ်ကုံးယူထုတ်ပြပေးရန်ပြောပြီး ဆိုင်ဝန်ထမ်းက ရွှေဆွဲကြိုးယူထုတ်ရန် ကျောပေးလိုက်စဉ် ၂ ကျပ် သား ရွှေဆွဲကြိုး ၃ ကုံးကို လုယူသွားပြီး အဆိုပါအမျိုးသားက ဆိုင်ဝန်ထမ်းကို သေနတ်ဖြင့်ထောက်ကာ ဆိုင်တံခါးကိုဖွင့်ပေးရန် ခြိမ်းခြောက်၍ ဖွင့်ပေးလိုက်ရသည်ဟု ဆိုသည်။
ထိုနောက် အနီရောင် ဟွန်ဒါဝေ့ဗ်တစ်စီးကို မောင်းနှင်ပြီး ထွက်ပြေးသွားသည်ဟု မျက်မြင်က ဆိုသည်။
ရွှေဆိုင်ဓားပြတိုက်ခံရသည့်တိုင်ကြားချက် ရရှိပြီးနောက် စမွတ်ဆာခွန်ခရိုင်ရဲစခန်းနှင့်ကရာထွန့်ဘန်း နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးရေးရဲများ ရောက်ရှိလာပြီး သံသယတရားခံကို ဖမ်းဆီးနိုင်ရန်အတွက် လုံခြုံရေးကင်မရာများမှတဆင့် ခြေရာခံသွားမည်ဟု ရဲတပ်ဖွဲ့ ဆိုသည်။