အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၂
ထိုင်းမှာအခြေခံလုပ်အားခအမြင့်ဆုံး ၃၅၄ ဘတ်နဲ့ အနိမ့်ဆုံး ၃၂၈ ဘတ်ဖြင့် အောက်တိုဘာလမှာတိုးမြှင့်သတ်မှတ်ထားပေမယ့် တကယ့်မြေပြင်မှာတော့ တရားဝင်ရွှေ့ပြောင်းလုပ်သားတွေရဲ့ တစ်ရက်စာလုပ်အားခမှာ ၂၀၀ ကျော်ပဲရပါတယ်ဟု မြန်မာလုပ်သားတစ်ယောက်ထံကသိရပါတယ်။
“တိုးပေးတာတရားလွန် လွန်းတယ်။ ၆ ဘတ်ထဲနဲ့ မုန့်တစ်ထုပ်တောင်ဝယ်လို့မရဘူး။ အချို့ရည်တစ်ဗူးတောင် ၁၂ ဘတ်ပေးရတယ်။ ၆ ဘတ်လေးနဲ့ လက်ရှိကုန်စျေးအတိုင်းဆိုရင် ဘာမှလုပ်လို့မရဘူး။ ပြီးတော့ အိုတီရှိရင်တော့ အိုတီကြေးကိုအပြည့်မပေးချင်ကြဘူး။ အရင်တုန်းက တစ်ရက်ကို ၂၆၀ ဘတ်ရတယ်။ မနေ့က ၆ ဘတ်ထပ်တိုးပေးတော့ ၂၆၆ ဘတ်ပေါ့။ လို့ အသက် ၂၂ နှစ်ရှိ မြန်မာလုပ်သား အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
ဆက်လက်ပြီး နှစ်နိုင်ငံသဘောတူ MoU နဲ့ဝင်ရောက်လုပ်ကိုင်တဲ့သူတွေကြတော့ စာချုပ်အတိုင်း သို့မဟုတ် ထိုင်းအစိုးရသတ်မှတ်စျေးအတိုင်းရကြပြီး၊ ထိုင်းကိုတရားမဝင် ဝင်ရောက်ပြီးအရင်လုပ်ကိုင်တဲ့သူတွေကြတော့ အထောက်အထားလုပ်ပြီး တရားဝင်ဖြစ်သွားသော်လည်း လုပ်ငန်းရှင်က ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်းမပေးဘဲ တရားမဝင်စျေးအတိုင်းပဲ ပေးတယ်ဟု ထိုင်းနိုင်ငံစူရတ်ခရိုင်ရှိ ဆောက်လုပ်ရေးခွင်မှာလုပ်ကိုင်နေတဲ့မြန်မာလုပ်သားတစ်ယောက်ကပြောပါတယ်။
“MoU နဲ့လာတဲ့အလုပ်သမားတွေကြတော့ တစ်ရက်ကို ၃၄၅ ဘတ်ရတယ်။ စီအိုင်စာအုပ်ကိုင်တဲ့အလုပ်သမားတွေကြတော့ ဝင်ဝင်ချင်း ၂၅၀ ပဲပေးတယ်။ တချို့သူတွေဆို လေးငါးနှစ်ရှိနေပြီ အဲဒါလဲ ၂၅၀ ဘတ်ပဲရတယ်။ ထိုင်းတစ်နိုင်ငံလုံးက အခြေခံလုပ်ခလစာ ၃၀၀ ကျော်သတ်မှတ်ပေးထားတာသိတယ်။ သူတို့မှမပေးတာ၊ ပြီးတော့ ဒီအလုပ်ကသက်သာတယ်။ ပိုက်ဆံထွက်တာလဲမှန်တယ်လေ။ အဲ့ဒါကိုငဲ့နေကြလို့ ဘယ်သူမှမထွက်ကြဘူးပေါ့။ ၃၀၀ ကျော်တော့လူတိုင်းရချင်ကြတာပေါ့၊ ကုန်စျေးနှုန်းကလဲ တအားတက်နေတယ်လေ မကိုက်တော့ဘူးပေါ့။ အလုပ်ရှင်ဘက်က တန်းတူပေးနိုင်ရင် အရမ်းကောင်းမယ်” လို့ ထိုင်းနိုင်ငံ စူရတ်ခရိုင်မှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ယောက်ကပြောပါတယ်။
“အခုက လူသစ်ကစျေးကောင်းတယ်။ လူဟောင်းကစျေးမရဘူး။ အလုပ်ချိန်ကလဲတူတူပဲ၊ ပင်ပန်းတာလဲတူတူပဲ၊ ပေးတဲ့စျေးကပဲမတူတာ မနေ့ကတိုးပေးတာက MoU သမားတွေကြတော့ ၁၅ ဘတ်တိုးပေးတယ်။ အောက်လမ်းကလာတဲ့သူတွေကိုတော့ ၆ ဘတ်ပဲပေးတယ်။ တိုးပေးတာမတူဘူး” လို့ ကော့စမွီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးယောက်ကပြောပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး ထိုင်းအစိုးရတိုးပေးတဲ့ ခရိုင်တစ်ခုချင်းရဲ့နှုန်းထားကတော့
-၃၅၄ ဘတ် ၃ ခရိုင် (ချွန်ဘူရီ၊ ရယောင်း၊ ဖူကက်)
-၃၅၃ ဘတ် ၆ ခရိုင် (ဗန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ်၊ ပထုမ်ဌာနီ၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်)
-၃၄၅ ဘတ် ၁ ခရိုင် (ချချုံဆောင်)
-၃၄၃ ဘတ် ၁ ခရိုင် (အယုဒ္ဓယ)
-၃၄၀ ဘတ် ၁၄ ခရိုင် ပရာကျင်ဘူရီ၊ နောင်ခိုင်၊ အုဒွန်ဌာနီ၊ ဖန်ငါ၊ ကရာဘီ၊ တရတ်၊ ခွန်ကန်၊ ချင်းမိုင်၊ စူဖန်ဘူရီ၊ စုန်ခလာ၊ စူရတ်ဌာနီ၊ နခေါ်ရတ်ချစီးမာ၊ လွပ်ဘူရီ၊ စရာဘူရီ)
-၃၃၈ ဘတ် ၆ ခရိုင် (မုဒါဟန်း၊ ကာလစင်း၊ စကွန်နခေါ်၊ စမွန်စုန်ခရမ်၊ ကျန်ထဘူရီ၊ နခေါ်နာယွတ်)
-၃၃၅ ဘတ် ၁၉ ခရိုင် (ဖစ်ချဘွန်၊ ကန်ကျနဘူရီ၊ ဘွန်ကန်၊ ချိုင်နာ့၊ နခေါ်ဖနွမ်၊ ဖယောင်၊ စူရင်၊ ယစိုးထော်၊ ရွဲအက်၊ လေ၊ ဖတ်ထလွန်၊ ဥထရဒစ်၊ နခေါ်စဝမ်း၊ ပရာကျွပ်ခီရီခန်း၊ ဖိစနုလို့၊ အန်ထောင်၊ စာကက်ယောက်၊ ဘူရီရမ်၊ ဖစ်ဘူရီ)
-၃၃၂ ဘတ် ၂၂ ခရိုင် (အမ်နာ့ကျရုန်၊ မယ်ဟောင်ဆောင်၊ ချင်းရိုင်၊ တရန်၊ စီးစကက်၊ နောင်းဘွာလမ်ဖွန်၊ ဥထိုင်ဌာနီ၊ လမ်ပန်၊ လမ်ဖုန်၊ ချွမ်ဖော်၊ မဟာစားရခမ်၊ စင်းဘူရီ၊ စတွန်၊ ဖရယ့်၊ စူခိုးထိုင်၊ ကမ်ဖယ်ဖစ်၊ ရတ်ချဘူရီ၊ တာ့ခ်၊ နခေါ်စီးဓမ္မရတ်၊ ချိုင်ယဖွမ်၊ ရနောင်း၊ ဖိကျစ်)
-၃၂၈ ဘတ် ၅ ခရိုင် (ယလာ၊ ပတ္တာနီ၊ နရာသီဝ၊ နန့်၊ ဥဒေါင်းဌာနီ) ခရိုင်များဖြစ်ကြပါတယ်။
ကိုချစ် ဇွဲကပင်မြေ