ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူ၍ ပွဲစားများပြောင်ပြောင်တင်းတင်း လူကုန်ကူးနေသည်ဟု MOEAF ထုတ်ပြန်။ ထိုင်းကိုလေယာဉ်ဖြင့်သွားရောက်လုပ်ကိုင်ရန် သိန်း ၂၀ အလိမ်ခံရဟု နစ်နာသူ ဆို။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ပြည်တွင်းအလုပ်အကိုင်များခက်ခဲလျက်ရှိပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းများလည်း အလွန်အမင်းထိခိုက်နေ၍ ထိုင်း နှင့် မလေးရှားသို့လုပ်သားတင်ပို့ခြင်းလုပ်ငန်းများကို ရပ်ဆိုင်းထားကြသည်ဟု ဖော်ပြထားသည်။
ယင်းအခြေအနေကိုအခွင့်ကောင်းယူပြီး လူကုန်ကူးပွဲစားများသည်တောရွာများရှိ လူငယ်လူရွယ်များအား ထိုင်းနိုင်ငံသို့တရားဝင် ပို့ပေးမည်ဆိုလျှက်လူစုဆောင်းမှုများ၊ငွေကြေးကောက်ခံမှုများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကိုပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်ဟု ဆိုသည်။
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေး နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ရက်နေ့တွင်လည်းကောင်း၊ ဇန်နဝါရီ ၁၈ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့တရားမဝင်ပို့ဆောင်ခြင်း ခံရမည့် လုပ်သားစုစုပေါင်း၂၀၀ကျော်အား ကယ်တင်တားဆီးနိုင်ခဲ့ပြီး ပွဲစားများအား လိုက်လံဖမ်းဆီး လျက်ရှိသည်ဟု ဖော်ပြထားသည်။
၁၆ရက်နေ့ဖြစ်စဥ်မှာရွှေတိဂုံစေတီတော်အရှေ့ဖက်မုဒ် ဘုန်းတော်ကြီးကျောင်းတခုတွင် ပွဲစား၃ဦးမှစုဆောင်းထားသော ယောကျ်ား၊မိန်းမ ၁၆၀ကျော်ကိုလည်းကောင်း၊ ၁၈ရက်နေ့ဖြစ်စဥ်တွင် ရန်ကုန်မြို့ ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၃ရပ်ကွက်၊မင်းရဲကျော်စွာလမ်းမှ အဆောင်တခုတွင် ပွဲစားများမှစုဆောင်းထားသောယောကျာ်း၊မိန်းမ ၅၁ဦးတို့ကိုလည်းကောင်း တားဆီးပေးနိုင်ခဲ့ပြီး ပွဲစားများ သိမ်း ဆည်းထားသော နိုင်ငံကူးလက်မှတ်များနှင့် ငွေကြေးများပြန်လည်ရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ရေးသားထားသည်။
ဖြစ်စဥ် ၂ ခုစလုံးမှ ပွဲစားများကို ဖမ်းဆီးရမိမှု မရှိသေးကြောင်းသိရှိရသည်။
“ကျွန်တော်တို့က ဖြူးမြို့ကပါ။ ပွဲစားက တရားဝင်လမ်းကြောင်းက ပို့ပေးမယ် ပြောလို့လိုက်လာတာပါ။။ passport စာအုပ်ဘိုး ၁သိန်း၇သောင်းအရင်ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံမှာ အလုပ်ရမယ်။ တနေ့ဘတ်၃၃၀ရမယ်။ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလောလောဆယ် OWICကဒ်လုပ်ဘို့ ဒီအဆောင်မှာစောင့်ပါဆိုလို့ စောင့်နေတာပါ။ ရန်ကုန်ရောက်တာ ၁၀ရက်ကျော်ကြာပါပြီ။ ၁၈သိန်းလည်း သွင်းပြီးပါပြီ။”ဟုမြောက်ဒဂုံဖြစ်စဥ်တွင် အလိမ်ခံခဲ့ရသော အလုပ်သမားတဦးမှ ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ယင်းအလုပ်သမားများအား ထားဝယ်၊ထီးခီးလမ်းမှတဆင့် တရားမဝင်ပို့ဆောင်ရန် စီစဥ်နေစဥ် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ကတော့ ဝမ်းတွင်းနယ်ကဖြစ်ပါတယ်။ ထိုင်းကို လေယာဥ်နဲ့ တက်ရမယ်ဆိုလို့ သိန်း၂၀ပေးခဲ့ရပါတယ်။ရန်ကုန်ရောက်နေတာ ၁၀ရက်ကျော်ကြာပါပြီ။ပွဲစားကတော့ ထွက်ပြေးသွားပြီ။ passport နဲ့ ပိုက်ဆံတွေပြန်ရအောင် ကူညီပေးပါ”ဟု ရွှေတိဂုံ အရှေ့ဘက်မုဒ်ဖြစ်စဥ်တွင် အလိမ်ခံခဲ့ရသော လူငယ်တဦးမှပြောကြားသည်ဟု ဖော်ပြထားသည်။
သဲတော၊ဝမ်းတွင်း၊ဧရာဝတီတိုင်း ငပုတော၊ တောင်ငူ၊ ဖြူးမြို့နယ်၊နေပြည်တော်၊လယ်ဝေး အစရှိသော နေရာအသီသီးမှ လိမ်လည်စုဆောင်းခံခဲ့ရသော လူငယ် လူရွယ်များဖြစ်သည်။တရားမဝင်လမ်းမှ ပို့ဆောင်မည်ကို သိရှိခဲ့သော လူငယ်များလည်းပါဝင်လျှက်ရှိကြောင်းတွေ့ရသည်ဟု ဆိုသည်။
မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)မှ အမှုဆောင်များသည် ယင်းလုပ်သားများကို တရားဝင်လုပ်ငန်းစဥ်များအား အသိပညာပေးနှစ်သိမ့်ဆွေးနွေးခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံရေးနှင့် နေရပ်အသီးသီးသို့ပြန်လည် ပို့ဆောင်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်ဟု
ဖော်ပြထားသည်။
ထို့နောက် လုပ်သားပြည်သူများအနေဖြင့် တရားမဝင်လူစုဆောင်းသည့်ပွဲစားများ လူကုန်ကူးသူများ၏ လိမ်ညာစည်းရုံးခြင်း၊ facebook လူမှုကွန်ယက်မှတဆင့် တရားမဝင်လူစုဆောင်းခြင်းများအား သတိပြုဆင်ခြင်ကြပါရန်နိူးဆော်ပါသည်။ တရားဝင်ပြည်ပသို့ထွက်ခွာနိုင်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်များအား အလုပ်သမားဝန်ကြီးဌာန၏ facebook အကောင့် (Safe Migration)နှင့် MOEAF pageတို့တွင် အချိန်နှင့်တပြေးညီ အသိပေးဖော်ပြပေးလျှက်ရှိပါကြောင်း သတိပေးဖော်ပြထား
သည်။
သတင်း ရွှေကရင် (ရာမညမြေ)