7 May 2024

ထိုင်းကျန်းမာရေးဌာနရဲ့ ကိုဗစ်လူနာအချက်အလက်ပေါင်း ၁၆ သန်းကျော် Hack ခံခဲ့ရတယ်ဆိုတဲ့သတင်းတွေအခုရက် ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာတော့ ကိုဗစ်လူနာတွေရဲ့အချက်အလက်ပေါင်း ၁၆ သန်းကျော် Hack ခံခဲ့ရတယ် ဆိုတဲ့သတင်းဟာ တကယ်ဟုတ်ကြောင်း ထိုင်း ဒုဝန်ကြီးချုပ်နှင့်ကျန်းမာရေးဝန်ကြီး “အနုထင်” ကဝန်ခံခဲ့ ပါတယ်။

 

“ထိုင်းကျန်းမာရေးဌာနရဲ့ ကိုဗစ်လူနာ အချက်အလက်ပေါင်း ၁၆ သန်းကျော် Hack ခံခဲ့ရပြီး…Hacker တွေက ထိုင်းအစိုးရကိုငွေညှစ်နေတယ်လို့ သိရပါတယ်။ အဲဒီသတင်းကို ဘယ်မီဒီယာမှမဖေါ်ပြကြဘူး ထိုင်းအစိုးရက သတင်းအမှောင်ချဖို့ကြိုးစားနေတယ်” ဆိုတဲ့ ကပ်ရှင်ရေးပြီး “น้องปอสาม” ပေ့ချ်မှာ စတင်ရေးသားဖေါ်ပြခဲ့တာပါ။

 

လူနာအမည် – လက်ခံကုသပေးတဲ့ဆရာဝန် – တက်ရောက်ကုသတဲ့ဆေးရုံအမည် – မှတ်ပုံတင်အမှတ် နှင့် ဖုန်းနံပါတ်တွေက အစ Hacker တွေက ရသွားတာဖြစ်ကြောင်းဖေါ်ပြထားပါတယ်။

 

လူနာတွေရဲ့အချက် အသေးစိတ်ကအစ ပါသွားခဲ့တာကြောင်း စိုးရိမ်ရတယ်လို့ Drama-addict ပေ့ချ်က ထပ်မံ ရေးသားထားပါတယ်။

 

Hacker တွေက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲဆိုတာကို မသိရသေးပေမယ့် အခုရင်ပိုင်းမှာ ဖုန်းထဲကို တရားမဝင်ငွေချေးဂိုဏ်းတွေက သူတို့ထံမှာ ငွေချေးဖို့ မက်ဆေ့ပို့ပြီးကမ်းလှမ်းတာတွေ၊ လောင်းကစား ဝဘ်ဆိုဒ်တွေက လင့်ခ်လှမ်းပို့တာတွေရှိနေတယ်လို့သိရပါတယ်။

 

ထိုင်း ဒုဝန်ကြီးချုပ်နှင့် ကျန်းမာ​ရေးဝန်ကြီး “အနုထင်” ကတော့ အဖြစ်မှန်ကို အမြန်ဆုံးဖေါ်ထုတ်နိုင်အောင် သက်ဆိုင်ရာနည်းပညာ ဌာနတွေကို အချက်အလက်တွေပေးပို့ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ညွှန်ကြားထားလျက် ရှိကြောင်းသိရပါတယ်။

 

ကနဦးအနေဖြင့် ပြည်သူများကို မထိတ်လန့်ကြရန် နှင့် အမြန်ဆုံးပစ်မှုကျူးလွန်သူကို ဖမ်းဆီဖေါ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရကဆိုပါတယ်။

 

ထိုင်းအမျိုးသားကျန်းမာရေးဥပဒေ ပုဒ်မ ၇ အရ လူနာ၏အခွင့်အရေးဖြစ်တဲ့ လူနာ၏အချက် အလက်များအား လူနာကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည် ဖြစ်စေ လျှို့ဝှက်သိမ်းဆည်းခြင်း၊ အများသိအောင် ထုတ်ဖေါ်ပြခြင်း စတဲ့ လုပ်ရပ်များဟာ ရာဇဝတ်မှုမြောက်ပြီး ကွန်ပျူတာအက်ဥပဒေကိုလည်းချိုးဖောက်ရာရောက်တယ်လို့ဖေါ်ပြထားပါတယ်။

SHARE THIS NEWS

OTHER NEWS