26 April 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မဲ့သန်ရွာအနီးတောအုပ်မှာ ပျောက်ဆုံးသွားပြီး ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တဲ့ “နောင်းကျီနာ” ကလေးမ ပျောက်ဆုံးမှုဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ကလေးသူခိုးဂိုဏ်းတွေရဲ့လှည့်ကွက် ဖြစ်နိုင်ကြောင်း ထိုင်းရဲသုံးသပ် !

စက်တင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့သန်ရွာအနီး တောအုပ်တစ်ခုမှာ ၁ နှစ် နဲ့ ၁၁ လအရွယ်ကလေးမလေးတစ်ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီနောက် ကလေးမလေးကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ အသည်းအသန်ရှာဖွေမှုပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်းမှာတော့ ပျောက်ဆုံးသွားတဲ့ကလေးမလေးအဖေရဲ့ သူငယ်ချင်းဖြစ်သူ တောင်ပေါ်သားတစ်ဦးက အဲဒီကလေးမလေးကို သူကိုယ်တိုင် “ယစ်ပူဇော်” ဖို့ တောတွင်း တစ်နေရာကို ခေါ်သွားပြီး စွန့်ပစ်ထားခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။

 

 

ကလေးမလေးကို တောအုပ်ထဲမှာ အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီးနောက် တာဝန်ရှိသူတွေက ‌ဆေးရုံသို့အရေးပေါ် ပို့ဆောင်ပေးခဲ့ပါတယ်။

 

ကလေးမလေးကို “ယစ်ပူဇော်”ဖို့ တောတွင်းတစ်နေရာက ဇရပ်တစ်ခုကို ခေါ်ဆောင်သွားခဲ့တယ်လို့ တောင်ပေါ်သား တစ်ဦး လာရောက်မဝန်ခံစဉ် အချိန်ကတည်းက အဲဒီ ဇရပ်နေရာကို ကယ်ဆယ်ရေး သမားတွေ သွားရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီးပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

အဲဒီကိစ္စနှင့်ပတ်သက်ပြီးတော့ ဒီကနေ့မနက်ပိုင်းမှာ မဲ့သန်ရဲစခန်းက ရဲမှုးက ကလေးမလေးပျောက်ဆုံးမှုဟာ မရိုးသားကြောင်း ၎င်းအနေနဲ့ သုံးသပ်မိတယ်လို့ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

 

 

 

ကလေးမလေးကို မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ကလေးသူခိုးဂိုဏ်းတွေက ခေါ်ဆောင်သွားတာဖြစ်နိုင်ပြီး သတင်းတွေထွက်သွားတဲ့အခါမှ “ယစ်ပူဇော်” ခဲ့တဲ့ ပုံစံမျိုး လှည့်ကွက်ဆင်ခဲ့တာ ဖြစ်နိုင်ကြောင်း ရဲမှုး ပရကျွတ် ကဆိုပါတယ်။

အခုချိန်ထိတော့ အဲဒီအမှုနှင့်ပတ်သက်လို့ရဲတပ်ဖွဲ့က သတင်းသမားတွေကို အပြည့်အဝသတင်းလုပ်ဖို့ ခွင့်မပြုသေးပါဘူး။

 

အ‌စောပိုင်းမှာ တရားခံဟာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ကြောင်းသတင်းတွေထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ တရားခံဟာ တောင်ပေါ်သားတစ်ဦးသာ ဖြစ်ကြောင်း သတင်းတွေက ပြန်လည်ပြင်ဆင် ရေးသားထား ပါတယ်။

လက်ရှိမှာတော့ တရားခံကို အမှန်အတိုင်းထွက်ဆိုရန် စစ်ဆေးနေပြီး တရားခံနှင့် ဆက်စပ်မှုရှိတဲ့ ရွာသား ၃-၄ ဦးကိုခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။ ရဲမှုး ပရကျွတ်ပြောတဲ့ အတိုင်း ဖြစ်ခဲ့မယ်ဆိုရင် မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ကလေးသူခိုးဂိုဏ်းတွေကိုပါ ထပ်မံဖေါ်ထုတ်သွားမှာ ဖြစ်တယ်လို့ မဲ့သန်ရဲစခန်းက‌ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS