26 April 2024

အမ်အိုယူလုပ်သားခေါ်ယူရေးအတွက် ထိုင်းကိုဗစ်-၁၉ အခြေအနေစီမံအုပ်ချုပ်ရေးဗဟုဌာနလက်အောက်ရှိ ကိုဗစ်-၁၉ လုပ်ငန်းဖော်ဆောင်ရေးဗဟိုဌာနမှ အတည်ပြုလိုက်ပြီဟု ထိုင်းအလုပ်သမားဝန်ကြီး ဆို။

 

ပြည်တွင်းလုပ်သားရှားပါးမှုပြဿနာနှင့် တရားမဝင်လုပ်သားဝင်ရောက်မှုပြဿနာတို့ကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာ၊ လာအိုနှင့်ကမ္ဘောဒီးယားနိုင်ငံများမှ အမ်အိုယူလုပ်သားခေါ်ယူရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏အဆိုပြုချက်ကို ထိုင်းကိုဗစ်-၁၉ အခြေအနေစီမံအုပ်ချုပ်ရေးလက်အောက်ရှိ ကိုဗစ်-၁၉ လုပ် ငန်းဖော်ဆောင်ရေးဗဟိုဌာနက ယမန်နေ့တွင် အတည်ပြုလိုက်ပြီဟု ထိုင်းအလုပ်သမားဝန်ကြီးစုချတ် ချွမ်ကလင် ကဆိုသည်။

 

ကနဦးတွင် ခေါ်ယူမည့်လုပ်သားများကို ကိုဗစ်-၁၉ ကာကွယ်းဆေးထိုးနှံထားမှုအပေါ်အခြေခံပြီး အရောင်သုံးရောင်/အုပ်စုသုံးခုခွဲ၍ ခေါ်ယူမည်။

 

ပထမဆုံးအနေဖြင့် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံထားသည်မှာ (၁) လပြည့်ပြီးသူလုပ်သားများ (အစိမ်းရောင်အုပ်စု)ကို ဦးစားပေးခေါ်ယူမည်ဖြစ်ပြီး ကာကွယ်ဆေးပတ်စပို့တင်ပြရမည်။

 

ဒုတိယအုပ်စုအနေဖြင့် ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံထားသည်မှာ (၁) လမပြည့်သေးသောလုပ်သားများ (အဝါရောင်အုပ်စု) ကို ဒုတိယဦးစားပေးခေါ်ယူမည်။

 

တတိယအုပ်စုအနေဖြင့် ကာကွယ်ဆေး (၁) ကြိမ်သာထိုးနှံထားသောလုပ်သားများနှင့် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသောလုပ်သားများ (အနီရောင်အုပ်စု) ကို တတိယဦးစားပေးခေါ်ယူမည်။

 

ကွာရန်တင်းကုန်ကျစရိတ်၊ ပိုးစစ်ဆေးခ၊ ဆေးကုသစရိတ် (ပိုးတွေ့ရှိလျှင်) စသည့်ကုန်ကျစရိတ်တို့ကိုအလုပ်ရှင်မှတာဝန်ယူပေးချေရမည်ဟု သတ်မှတ်ထားသည်။

 

ပရကန်စန်းခွမ်(လူမှုဖူလုံရေးအာမခံ) ဝင်ထားသည့် စက်ရုံအလုပ်ရုံဖြစ်နေလျှင်/ပုဒ်မ-၃၃ ပါလူမူဖူလုံရေးအာမခံထားရှိသူလုပ်သားဖြစ်နေလျှင် ကွာရန်တင်းရက်ဆေ့သည့်နောက် ပရကန်စန်းခွမ်ခံစားခွင့်နှင့်အညီ ကာကွယ်ဆေးထိုးနှံခွင့်ရရှိမည်။

 

 

ပရကန်စန်းခွန်အာမခံထားသူလုပ်သားမဟုတ်လျှင် အလုပ်ရှင်မှပုဂ္ဂလိကအစီအစဉ်ဖြင့်ကာကွယ်ဆေးစီစဉ်ပေးခွင့်ပြုသည်။

 

တဆက်တည်းတွင် ကွာရန်တင်းစင်တာများတွင် လက်ခံနိုင်သည့်လူဦးရေနှင့်အညီ လုပ်သားများကိုခေါ်ယူခွင့်ပြုသွားမည်ဟု ဝန်ကြီးကဆိုသည်။

 

ထို့နောက် အမ်အိုယူလုပ်သားများကိုအမြန်ဆုံးခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးဗျူရို၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုစသည့်ဌာန ၄ ခုနှင့်အမြန်ဆုံးညှိနှိုင်းဆွေးနွေးသွားမည်ဟု အလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့ဒ် ချိုတိစထီးဘန်း ကဆိုသည်။

 

လုပ်သားခေါ်ယူလို့သည့်ပုံစံတင်သွင်းခြင်း (Demand)၊ နေရင်းနိုင်ငံများ၏လုပ်ဆောင်ချက်၊ လုပ်သားကိုယ်စားအလုပ်လုပ်ကိုင်ခွင့်လျှောက်ထားခြင်း၊ လုပ်သားများအားဝင်ရောက်လုပ်ကိုင်ခွင့်ခွင့်ပြုချက် ပေးခြင်း၊ နယ်စပ်ဂိတ်လူဝင်မှုကြီးကြပ်ရေးဂိတ်၊ ကွာရန်တင်းစင်တာ၊ သင်တန်းပေးခြင်းနှင့်အလုပ် လုပ်ခွင့်လက်မှတ်ထုတ်ယူခြင်း စသည့်လုပ်ငန်းစဉ် (၇) ခုကို အားချင်းဆွေးနွေးသွားမည်ဖြစ်ပြီးတိကျသည့်လုပ်ငန်းစဉ်ထွက်ရှိလာသည်နှင့် ကိုဗစ်-၁၉ အခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာနထံ ချက်ချင်းအဆိုပြုသွားမည်ဟု ညွှန်ချုပ်က ဆက်လက်ပြောကြားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS