သကောင်းစရာ သဲခုံစွယ် (Spit) ခေါ် ကျဉ်းမြောင်းသော ကမ်းရိုးမြေအကြောင်း
သဲခုံစွယ် ဆိုသည်မှာ ဘူမိဗေဒ သဘောအရ ကျဥ်းမြောင်းသော ကမ်းရိုးမြေဖြစ်ပေါ်မှု ဖြစ်ပြီး အစွန်းတစ်ဘက်ဟာ ကမ်းခြေနှင့် ထိစပ်လို့နေပါတယ်။ ဦးတည်ချက် မကြာခဏပြောင်းလဲတတ်တဲ့ ရှည်လျားသော ကမ်းရိုးတန်း နေရာ (သို့မဟုတ်) မြစ်ဝ နဲ့ နီးတဲ့ နေရာများမှာ အတွေ့များပါတယ်။ ရေချို ရေကန် နဲ့ မြစ်ကြီးများမှာလည်းသဲခုံစွယ်များကို တွေ့ရတတ်ပါတယ်။
ပင်လယ်မှလာသော ရေ နဲ့ လေများဟာ ကျောက်စရစ်ပါသော သဲမြေများကို ကမ်းရိုးတန်းတလျောက် အနည်ချကြပါတယ်။ တဖက်မှာလည်း မြစ်၊ ချောင်းများမှ သယ်ယူလာတဲ့ နုန်းမြေများဟာ ပင်လယ်ဝမှာ လာရောက်စုပုံကြပါတယ်။ ကမ်းရိုးတန်း ကုန်းမြေထောင့်တလျောက် တိုက်ခတ်မြဲလေ (prevailing wind)ဟာ ပင်လယ်ရေလှိုင်းများကို ပုံမှန်ဖြစ်ပေါ်စေပြီး.. ကျောက်စရစ်၊ သဲ၊ နုန်းမြေတို့ သယ်ဆောင်အနည်ကျစုပုံခြင်းနဲ့ ပေါင်းစပ်ကာ သဲခုံစွယ် (spit) တစ်ခု ကုန်းမြေသဏ္ဌာန်နဲ့ တဆက်တည်း ဖြစ်ပေါ်လာစေပါတယ်။ (ပုံ)
လေတိုက်ခတ်မှု လမ်းကြောင်းပုံစံအပေါ်မူတည်၍ သဲခုံစွယ်တို့ဟာ ကွေ့ကောက်တတ်ကြပါတယ်။ တခါတရံမှာ သဲခုံစွယ်ဟာ ကုန်းမြေနဲ့ ပြန်လည်ထိစပ်သွားပြီး lagoon လို့ခေါ်တဲ့ ပင်လယ်ကမ်းခြေအိုင် ကို ဖြစ်ပေါ်စေပါတယ်။ အများအားဖြင့် သဲခုံစွယ်ရဲ့ အစွန်းထိပ်မှ ရေလှိုင်းများဟာ မငြိမ်သက်ပဲနေရာအစုံမှလှိုင်းယိုင်ခြင်းဖြစ်တတ်ပြီး သဲခုံထိပ်အား ချိတ်ကောက်ပုံစံကွေးသွားစေတတ်ပါတယ်။ အကယ်၍ ကွေးမသွားပဲ အခြားကျွန်းတခုခုနှင့် ထိစပ်သွားပါက ၎င်းကို အနည်ထိုင်ကုန်းမြေ Tombolo လို့ သတ်မှတ်ပါတယ်။
ကမ္ဘာပေါ်မှာ အခုလိုမျိုး ပင်လယ်သဲခုံစွယ်တွေ များစွာရှိကြပြီး ယူကရိန်းမှာရှိတဲ့ အေဇောဗ် ပင်လယ်မှ အေရိုဗက် သဲခုံစွယ်ဟာ ၆၈ မိုင်ခန့်ရှည်လျားပြီး ကမ္ဘာပေါ်မှာ အရှည်ဆုံး သဲခုံစွယ် ဖြစ်ပါတယ်။ သဲခုံစွယ်များဟာ ကျဥ်းမြောင်းပြီး ရံဖန်ရံခါ ပင်လယ်ရေတက်ခြင်းများကြောင့် လမ်းကြောင်းပျောက်သွားတတ်ပါတယ်။
နောင်တချိန် အခြေခံပညာ ပထဝီဝင်သင်ရိုးဖတ်စာအုပ်များမှာ ဤကဲ့သို့ အကြောင်းအရာများ ထည့်သွင်းရေးသားပေးခြင်းဖြင့်.. မဖြစ်သင့်သော အန္တရာယ်များကို ပညာဖြင့်ရှောင်လွှားကြနိုင်မှာပဲ ဖြစ်ပါတော့တယ်..။
ကိုကား သန့်ဦး (အာကာသနှင့်စကြဝဠာ သင်ထောက်ကူ)