26 April 2024

ပြိုင်ဘက်လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ထရူးနဲ့ဒီတက်တို့ပေါင်းစည်းဖို့ ညှိနှိုင်းနေချိန်မှာ အဆိုပါဆက်သွယ်ရေးအော်ပရေတာနှစ်ခုရဲ့သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့ရည်ရွယ်ချက်နဲ့ 50%ပရိုမိုးရှင်းအပါအဝင် “အေအိုင်အက်စ်နဲ့နေတာအကောင်းဆုံး” ဆိုတဲ့ စကားစုကိုရှေ့တန်းတင်ကြော်ငြာပြီး ဈေးကွက်ထိုးဖောက်လာတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က ထရူးနဲ့ဒီတက်တို့လုပ်ငန်းပေါင်းစည်းဖို့ဆွေးနွေးမှုရုပ်လုံးပေါ်လာတဲ့နောက်မှာ ပြိုင်ဘက်အော်ပရေတာဖြစ်တဲ့ အေအိုင်အက်စ်က ကြော်ငြာကဏ္ဍကိုအရိုန်မြှင့်တင်ပြီးဈေးကွက်ထိုးဖောက်လာတာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်၊ တွစ်တာ၊ အင်စတာဂရမ် စတဲ့နာမည်ကြီးလူမှုကွန်ရက်ပလက်ဖောင်းတွေကတဆင့် လီဆာ၊ ဘေလာ စတဲ့နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ ပွဲထွက်လာပါတယ်။

 

ဆက်သွယ်ရေးလုပ်ငန်းမှာဦးဆောင်နေတဲ့၎င်းရဲ့ပုံရိပ်ကို ထပ်လောင်းထင်ဟပ်စေဖို့အတွက် “အေအိုင်အက်စ်နဲ့နေတာအကောင်းဆုံး၊ ထိုင်းနိုင်ငံနံပါတ် ၁ ကွန်ရက် (No.1 Network in Thailand)”စတဲ့ ကြော်ငြာအသုံးအနှုန်းတွေကို အသုံးချလာတာတွေ့ရပါတယ်။

 

ထရူးနဲ့ဒီတက်တို့အမှန်တကယ်လက်တွဲဖြစ်ခဲ့မယ်ဆိုရင် ၎င်းတို့အော်ပရေတာနှစ်ခုပေါင်းသုံးစွဲသူဦးရေဟာ အေအိုင်အက်စ်ကိုကျော်တက်သွားမှာဖြစ်ပါတယ်။

 

၂၀၂၁ ခုနှစ် တတိယသုံးလပတ်အထိ အေအိုင်အက်စ်သုံးစွဲသူဦးရေ ၄၃ သန်းရှိပြီး ထရူးသုံးစွဲသူ ၃၂ သန်း၊ ဒီတက်သုံးစွဲသူ ၁၉ သန်းရှိနေပါတယ်။

 

ထရူးလုပ်ငန်းစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေက ထရူးသုံးစွဲသူဦးရေဟာ ဒီတက်နဲ့အလွန်ကွာဟနေပေမဲ့ ဈေးကွက်လုပ်ငန်းမှာအလုံးအရင်းပုံအောမှုနဲ့အခြားဝန်ဆောင်မှုတွေနဲ့တွဲပြီးရောင်းချပေးတဲ့ ဈေးကွက်မဟာဗျူဟာကြောင့် ဒီတက်ကိုကျော်တက်နိုင်ခဲ့ပါတယ်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS