26 April 2024

မြန်မာနှင့်ကမ္ဘောဒီးယားနယ်စက် ၈ ခရိုင်တွင် စိုက်ပျိုးရေးရာသီလုပ်သား ၃ သောင်းကျော်ခေါ်ယူမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ဆို။

ထိုင်း-မြန်မာနယ်စပ်နှင့်ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ခရိုင် ၈ ခုတွင် အလုပ်ရှင်များ၏စိုက်ပျိုးရေးရာသီလုပ်သားလိုအပ်မှုကို စစ်တမ်းကောက်ယူရာတွင် လုပ်သား ၃၂,၄၇၉ ဦးလိုအပ်သည်ဟု သိရှိရပြီးနောက်လုပ်ငန်းရှင်များ၏လုပ်သားလိုအပ်မှုကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားနှင့်မြန်မာလုပ်သား ၃ သောင်းကျော်ကို အမြန်ဆုံးခေါ်ယူသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး စူချတ်ချွမ်ကလင် ကဆိုသည်။

အဆိုပါစိုက်ပျိုးရေးရာသီလုပ်သားများကို ခေါ်ယူရန်အတွက် အခန်းပေါင်း ၄၇၆ ပါဝင်ပြီး တစ်ကြိမ် လျင် လုပ်သား ၁,၃၆၈ ဦး လက်ခံနိုင်မည့် ကွာရန်တင်းစင်တာ ၁၇ ခုကို ဖွင့်လှစ်သွားမည်ဟု ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ် ဖိုင်ရို ဇောတိစထီယန်း ကဆိုသည်။

စီးစကက်၊ စူရင်၊ စာကက်ယောက် နှင့် တရတ်ခရိုင်မှဝင်ရောက်လာသော ကမ္ဘောဒီးယားလုပ်သားများကိုလက်ခံရန်အတွက် ကွာရန်တင်း ၁၁ နေရာ၊ စုစုပေါင်း ၁,၀၃၈ ဦးဆံ့အခန်း ၂၉၁ ခန်း စီစဉ်ပေးမည်ဟု သိရပြီး ချင်းရိုင်၊ တာ့ခ်၊ ကန်ကျနဘူရီနှင့်ရနောင်းခရိုင်မှာဝင်ရောက်လာမည့်မြန်မာလုပ်သားများအတွက် ကွာရန်တင်းစင်တာ ၆ နေရာ၊ စုစုပေါင်းလူ ၃၃၀ ဦးဆံ့မည့်အခန်းပေါင်း ၁၈၅ ခန်း စီစဉ်ပေးမည်ဟု ညွှန်ချုပ်ကဆိုသည်။

အဆိုပါလုပ်သာများကို လုပ်ငန်းစဉ် ၅ ဆင့်ဖြင့် ခေါ်ယူသွားမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

အလုပ်ရှင်က လာရောက်လာကိုင်မည့်လုပ်သားများကိုဆက်သွယ်ပြီး ၇၂ နာရီအတွင်း RT- PCR စနစ်ဖြင့် ကိုဗစ်စစ်ဆေးထားသောအထောက်အထား၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသည့်အထောက်အထား၊ Border Pass စာရွက် စသည်တို့ကို ပြင်ဆင်လာရန် အသိပေးရမည်။

ဆေးရုံတွင် တားမြစ်ရောဂါစစ်ဆေးပြီး ကျန်းမာရေးအာမခံ ၃ လဝယ်ယူရမည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်မှ လူဝင်မှုအထောက်အထားစစ်ဆေးပြီး ၃၀ ရက်နေထိုင်ခွင့် ထုတ်ပေးမည်။

ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသည့်လုပ်သားများကို ကွန်ရန်တင်း ၇ ရက်ထားမည်ဖြစ်ပြီး RT – PCR စနစ်ဖြင့် ကိုဗစ်-၁၉ နှစ်ကြိမ်စစ်ဆေးမည်။ ပိုးတွေ့ရှိလျင် ဆေးကုသမှုခံယူရမည်ဖြစ်ပြီး အလုပ်ရှင်မှဆေးကုသစရိတ်တာဝန်ယူရမည်။

ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးတွင် သက်တမ်း ၃ လထက်မပိုသော အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားရမည်ဟု ဆိုသည်။

သတင်း ပေါက်ဖော် (လားရှိုး)

SHARE THIS NEWS

OTHER NEWS