5 May 2024

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုတွင် ဘတ်ငွေနှင့်ကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေခွင့်ပြုလိုက်ပြီဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် ကြေညာ။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုများတွင် ထိုင်းဘတ်ငွေ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေခွင့်ပြုလိုက်ပြီဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ စတင်အသက်ဝင်စေသည်ဟု ဖော်ပြထားသည်။

ထိုသို့ကြေညာလိုက်ခြင်းကြောင့် ထိုင်း-မြန်မာကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုများတွင် ယခင်ကလိုအမေရိကန်ဒေါ်လာဖြင့်ပေးချေစရာမလိုတော့ဘဲ ဘတ်ငွေ သို့မဟုတ် ကျပ်ငွေဖြင့်ပေးချေနိုင်ပြီဖြစ်သည်။

ထို့ကြောင့် ဈေးကွက်အတွင်းအမေရိကန်ဒေါ်လာငွေသုံးစွဲမှုလျော့ကျလာနိုင်သည်ဟု မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က သုံးသပ်ထားသည်ဟု KIC သတင်းဌာနကဖော်ပြထားသည်။

သူမက “နယ်စပ်ကုန်သွယ်မှုမှာ တချို့သွင်းကုန်တွေဆိုရင် ဒေါ်လာငွေနဲ့ ပေးချေရတာတွေရှိတယ်။ ဥပမာ လောင်စာဆီ တို့ဆိုရင် ဒေါ်လာနဲ့ပေးရတာပေါ့။ အခုလို မြန်မာငွေနဲ့ ဘတ်ငွေ တိုက်ရိုက် အသုံးပြုပေးချေခွင့် အမှန်တကယ် ရှိလာရင် တော့ ဒေါ်လာငွေ သုံးစွဲမှု လျော့ကျလာ နိုင်တယ်။”ဟု ဆိုသည်။

တဆက်တည်းတွင် “ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်တော့ ကျမတို့နယ် စပ်ကုန်သွယ်မှုက ပိုမိုမြန်ဆန်ပြီး လွယ်ကူစေမှာပါ။ ဒါ့အပြင် ကုန်သည်တွေအနေနဲ့ နှစ်နိုင်ငံနယ်စပ်မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေတွေကို အကန့်အသတ်မရှိ တရားဝင်ကိုင်ဆောင်ခွင့်လည်းရလာမယ်လို့ ထင်ပါတယ်။ ဒီလိုအခွင့်အလမ်းတွေရှိလာမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေလည်း နည်းသွားမယ်။”ဟု သူမက ဆက်ပြောသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

ထိုသို့ ဘတ်/ကျပ် တိုက်ရိုက် ငွေပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်(Designated Bank)များတွင် နယ်စပ်ကုန် သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ဘတ်စာရင်း ဖွင့်လှစ်ခွင့်ပြုသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS