3 May 2024

-MoU လုပ်သားတွေ ထိုင်းဝင်ရောက်ရာမှာ စျေးကြီးတယ်ဟု လုပ်သားတွေကပြော!

-ဇွန်လ တာ့ချီလိတ်-မယ်ဆိုင်နယ်စပ် အသွား-အပြန် သဘောတူချက်ရရှိ

-ထိုင်းရှိ တရားမဝင်ရွှေ့ပြောင်းတွေကို ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေ

ထိုင်းကို မြန်မာ MoU လုပ်သားတွေ ဝင်ခွင့်ပေးနေပြီဆိုပေမယ့်၊ တဖက်မှာလဲ ထိုင်းကို တရားမဝင် ဝင်ရောက်ပြီး အဖမ်းခံရတဲ့မြန်မာတွေလဲ မနည်းတော့ပါဘူး။ ထိုင်းနိုင်ငံမှာလဲ နေရာဒေသအလိုက် အာဏာပိုင်တွေဘက်က ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ဝင်ရောက်စစ်ဆေးတဲ့နေရာမှာလဲ တရားမဝင်နေထိုင်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ အဖမ်းခံနေကြရတာလဲရှိပါတယ်။ ဇွန်လ ၁ ရက်နေ့ကနေစပြီး ထိုင်းမှာ ကိုဗစ်၁၉ ကူးစက်ကတည်းက ပိတ်ထားတဲ့ ဘား၊ ကာရာအိုကေဆိုင်တွေလဲ ဖွင့်ခွင့်ရပြီလို့ ကိုဗစ်၁၉ စီမံခန့်ခွဲတဲ့ဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန်လ အလယ်ပိုင်းလောက်မှာလဲ ထိုင်းနိုင်ငံရှိ အစိမ်းရောင်ဇုန် ၁၄ ခရိုင် နှင့် မိုးပြာရောင်ဇုန် ၁၇ ခရိုင်က ရှေ့ပြေးခရိုင်များအဖြစ် မတ်စ် (မျက်နှာနှာခေါင်းစည်း) ချွတ်ခွင့်ပြုတော့မည်ဟုထိုင်းပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန်က ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် ပြော ကြားခဲ့ပါတယ်။

ကိုဗစ်ကူးစက်မှုကြောင့် ၂ နှစ်ကျော်အကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်တွေက မေလအတွင်းမှာ ထိုင်းကိုမြန်မာလုပ်သားတွေ တရားဝင်ပို့ဆောင်နိုင်ခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့ကစပြီး မြန်မာ MoU လုပ်သား ထိုင်းကိုပထမအသုတ်ဖြင့် ဝင်ရောက်ခွင့်ရခဲ့တာပါ။ အဲဒီနေ့မှာ ၂၈၈ ဦးဝင်ရောက်လာပါတယ်။ မြန်မာလုပ်သားတွေ ထိုင်းကို ပထမအသုတ်ဖြင့် ဝင်ရောက်တဲ့နေ့မှာလဲ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မဲဆောက်ရဲမှူးကြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့က ဝင်လာတဲ့အလုပ်သမားတွေကို သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

မေလ ၁၁ ရက်နေ့မှာ ၃၀၁ ဦး၊ မေလ ၁၉ ရက်နေ့မှာ ၁၅၁ ဦး၊ မေလ ၂၀ ရက်နေ့မှာ၊ ၃၇၆ ဦး၊ မေလ ၂၆ ရက်နေ့မှာ ၃၅၄ ဦးဖြင့် မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ MoU လုပ်သားတွေ ထိုင်းကိုဝင်ရောက်လာကြပါတယ်။

ထို့အတူ ကော့သောင်း−ရနောင်း လှေဆိပ်ကနေတဆင့် မေလ ၂၄ ရက်နေ့မှာလဲ MoU လုပ်သားတွေ ထိုင်းဘက်ကို လှေနဲ့ကူးပြီး ၂၂၃ ဦးဝင်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာလုပ်သားတွေ ဝင်ရောက်တဲ့နေ့မှာလဲ ရနောင်းခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဝင်ရောက်လာတဲ့ MoU လုပ်သားတွေကို ပန်းကုံးစွပ်ကြိုဆိုခဲ့ပါတယ်။

ကော့သောင်း-ရနောင်းဘက်က ဝင်ရောက်တဲ့ မြန်မာ MoU လုပ်သားတွေက ကားတစ်ဆင့် လေယာဥ်တဆင့် စက်လှေတဆင့်ဖြင့် ထိုင်းကိုဝင်လာရတာကြောင့် တစ်ဦးကို ကျပ်ငွေ ၂၅ သိန်းကနေ သိန်း ၃၀ လောက်ကုန်တယ်လို့ အလုပ်သမားတွေ ထံကသိရပါတယ်။

” အမှန်ပြောရရင် သိန်း ၃၀ ဝန်းကျင်လောက်တော့ ကုန်ကျတယ်ဗျ၊ ဒါကလဲ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူဘူးပေါ့။ သိန်း ၂၀ နဲ့လာတဲ့သူတွေလဲရှိပါတယ်။ သိန်း ၂၀ အောက်လာတဲ့သူတွေတော့ ရှားပါတယ်။ ဒါပေမဲ့လဲ ကျေနပ်ပါတယ်။ ဒီတနည်းပဲရှိတော့တာပါ” လို့ မြန်မာလုပ်သားတစ်ယောက်ကပြောပါတယ်။

တာ့ချီလိတ်-မယ်ဆိုင်ဘက်ကတော့ MoU စနစ်ဖြင့် လုပ်သားတွေ ဝင်ခွင့်ပြုတာမတွေ့ရသေးပါ။ ဒေသတွင်း စီးပွားရေးမြှင့်တင်ဖို့နဲ့ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးပြန်လည်စတင်ဖို့ လာမယ့် ဇွန် ၁ ရက်ကစပြီး မယ်ဆိုင်နဲ့ အခြားနယ်စပ်စစ်ဆေးရေးဂိတ်တွေကို ပြန်လည်ဖွင့်လှစ်တော့မယ်လို့ ထိုင်း – မြန်မာနယ်စပ်မြို့ကော်မတီ (TBC) က သဘောတူလိုက်ပြီးလို့ သိရပါတယ်။

Andrew KC (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS